သုံးစွဲသူတွေကို Microsoft Edge ဆီ ညွှန်းတော့မှာ ဖြစ်ပါတယ်

IE လို့ အတိုကောက် ခေါ်ကြတဲ့ Microsoft ရဲ့ ကျော်ကြားခဲ့တဲ့ Web Browser ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

၂၆ နှစ်ခန့်အကြာမှာ Microsoft ဟာ Internet Explorer ကို အနားပေးလိုက်ပြီး ၂၀၁၅ ခုနှစ်က အသစ်ရေးဆွဲထားတဲ့ Microsoft Edge Browser ဆီ သုံးစွဲသူတွေကို ညွှန်းတော့မှာ ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ Internet Explorer ကို ဇွန်လ ၁၅ ရက်နေ့မှာ Support ပေးမှု ရပ်မယ့်အကြောင်း ကြိုပြီး အသိပေးထားတာ ဖြစ်ပါတယ်။ အင်တာနက် သုံးစွဲသူတွေအနေနဲ့ ပိုကောင်း ပိုမြန်တယ်လို့ ကုမ္ပဏီက ကြေညာထားတဲ့ Microsoft Edge သစ်နဲ့ ဆက်သုံးနိုင်မယ်လို့လည်း Microsoft က ထုတ်ပြန်ပါတယ်။





"Microsoft Edge က ပိုမိုမြန်ဆန်ပြီး စိတ်ချရသလို Internet Explorer ထက်လည်း ပိုပြီး ခေတ်မီတဲ့ Browsing အတွေ့အကြုံကို ပေးနိုင်ရုံတင် မကပါဘူး။ အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်တဲ့ သက်တမ်းကြာပြီ ဖြစ်တဲ့ ဟိုအရင်က ဝက်ဘ်ဆိုက်နဲ့ အက်ပလီကေးရှင်းတွေနဲ့ပါ ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်စွမ်းရှိပါတယ်" လို့ Microsoft Edge Enterprise ရဲ့ အထွေထွေမန်နေဂျာ ရှောင် လင်ဒါဆေးက ပြီးခဲ့တဲ့နှစ် မေလက Blog Post မှာ ရေးခဲ့ပါတယ်။ 

Internet Explorer ကို Microsoft ဟာ ၁၉၉၅ ခုနှစ်မှာ ပထမဆုံး မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်က အင်တာနက်လောကခေတ်ဦးမှာ ပထမဆုံး စီးပွားဖြစ် Commercial Browser ဖြစ်တဲ့ Netscape Navigator နဲ့ အဓိကယှဉ်ပြိုင်ဖို့ ထုတ်ခဲ့တာပါ။ Web Browser ဈေးကွက်မှာ IE လွှမ်းမိုးလာချိန် ၁၉၉၇ ခုနှစ်မှာ အမေရိကန်တရားရေးဌာန DOJ က Microsoft ဟာ Browser ကို Windows နဲ့ တရားမဝင် ချိတ်ဆက်မှုလုပ်တယ်ဆိုပြီး တရားစွဲခဲ့ပါတယ်။


DOJ ဟာ အစပိုင်းမှာ Microsoft ကို Operating System ကုမ္ပဏီနဲ့ Applications ကုမ္ပဏီအဖြစ် နှစ်ပိုင်းခွဲရေးမှာ တရားနိုင်ခဲ့ပေမယ့် နောက်တော့ အယူခံတက်ရာမှာ ဒီဆုံးဖြတ်ချက်ကို ပယ်ချခဲ့ပါတယ်။၂၀၀၂ ခုနှစ်မှာ Microsoft ဟာ Windows API ကို တခြား Third Parties တွေနဲ့ မျှဝေပါ့မယ်လို့ သဘောတူညီပြီး အမှုကျေအေးသွားခဲ့ပါတယ်။ 

လက်ရှိ Browser ဈေးကွက်မှာ Google ဟာ ဈေးကွက်ဝေစုရဲ့ ၆၅% နဲ့ အများဆုံး ဖြစ်ပြီး သူ့နောက်မှာ Apple Safari က ၁၉% နဲ့ လိုက်နေတယ်လို့ သုတေသနလုပ်ငန်း Statcounter က ဖော်ပြထားပါတယ်။ Microsoft Edge ကတော့ ဈေးကွက်ဝေစု ၄% ပဲ ရထားတာ ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က