မန်ချက်စတာယူနိုက်တက်ကတော့ ဒီနေ့ကစားခဲ့တဲ့ အိမ်ကွင်းပွဲမှာ ပွဲချိန်အစောကြီးကတည်းက ရုန်းကန်သွားခဲ့ရပါတယ်။ ပွဲအပေါ် အာရုံစိုက်မှုနည်းပါးတာ၊ ကစားသမားတွေရဲ့ ညံ့ဖျင်းမှုတွေက သူတို့ကို အခက်တွေ့စေခဲ့ပြီး ပွဲအစ ၄ မိနစ်အတွင်းမှာပဲ ၂ ဂိုးအထိ ပေးခဲ့ရပြီး နောက်ကလိုက်ကစားသွားခဲ့ရပါတယ်။
နော်တင်ဟမ်ဖောရက်စ်ကတော့ အခွင့်အရေးတွေ ရချိန်မှာ အကောင်းဆုံးအသုံးချခဲ့ပြီးတော့ စောစောစီးစီးပဲ ပွဲကို ဦးဆောင်ခဲ့ပါတယ်။ အဲရစ်ဆန်ရဲ့ ချေပဂိုးကြောင့် ပွဲက ၁-၂ ဖြစ်သွားပေမယ့် ယူနိုက်တက်ကစားပုံက စိတ်ပျက်စရာကောင်းခဲ့ပြီး ကစားသမားတဦးချင်းစီတိုင်းက ဆိုးရွားတဲ့ ပုံစံတွေရှိခဲ့ကာ အချိတ်အဆက်မမိခဲ့သလို ဖြုန်းတီးမှုတွေလည်း များပြားခဲ့ပါတယ်။
ကက််စမဲရိုးတယောက် အပိုင်အခွင့်အရေးကို လွဲချော်ခဲ့ပြီး အန်တိုနီကလည်း ဘောလုံးဖြုန်းတီးမှုတွေ အများကြီးလုပ်ခဲ့ပါတယ်။ ယူနိုက်တက်တိုက်စစ်ပိုင်းက ဘာမှကို ထိတ်လန့်စရာမရှိခဲ့ဘဲ ရက်ရှ်ဖို့ဒ်ရော၊ မာရှယ်ပါ ကြီးကြီးမားမားခြိမ်းခြောက်မှုတွေကို မလုပ်နိုင်ခဲ့ဘဲ ပထမပိုင်းမှာ ၁-၂ နဲ့ အရေးနိမ့်နေခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ချေပဂိုးရဖို့ ယူနိုက်တက်တို့ တိုက်စစ်တင်ကစားခဲ့ပြီး ဒါက အလုပ်ဖြစ်ခဲ့ပါတယ်။ ပွဲပြန်စတာနဲ့ တိုက်စစ်ကို အားထည့်လာတဲ့ ယူနိုက်တက်ရဲ့ ကစားဟန်ကို ဖောရက်စ်တို့ မထိန်းနိုင်ခဲ့ဘဲ ကက်စ်မဲရိုးက ဖာနန်ဒက်စ်ရဲ့ ဖန်တီးပေးမှုကနေ ၅၂ မိနစ်မှာ ပြန်သွင်းလို့ ပွဲက ၂-၂ ဖြစ်ကာ အကြိတ်အနယ်ရှိလာခဲ့ပါတယ်။
ဒီနောက် ယူနိုက်တက်တို့ တိုက်စစ်ကို ပိုအားထည့်လာခဲ့ပြီး အန်တိုနီရဲ့ ကန်ချက် ဖောရက်စ်ဂိုးသမား အသည်းအသန်ကာကွယ်ခဲ့ရသလို ဖာနန်ဒက်စ်ရဲ့ ပိတ်သွင်းမှုကလည်း ဂိုးဘေးက ကပ်ထွက်ခဲ့လို့ ယူနိုက်တက်တို့ နစ်နာခဲ့ရပါတယ်။ ၆၇ မိနစ်မှာ ဖောရက်စ်ဘက်က ဝေါရယ်လ် ဖျက်ထုတ်မှုကြောင့် အနီကတ်ထိခဲ့ကာ ယူနိုက်တက်တို့ တယောက်အသာစီးရသွားခဲ့ပါတယ်။
၇၅ မိနစ်မှာတော့ ရက်ရှ်ဖို့ဒ်ကြောင့် ယူနိုက်တက်တို့ ပင်နယ်တီရရှိခဲ့ပြီး ဖာနန်ဒက်စ်က အပိုင်ကန်သွသင်းကာ ယူနိုက်တက်တို့ ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ၂ ဂိုးပြတ်အရှုံးကနေ ပြန်လာနိုင်ခဲ့ပြီး ပွဲကို ပြန်လည်ဦးဆောင်ခဲ့တာပါ။ နော်တင်ဟမ်တို့ တယောက်လျော့နဲ့မို့ ပိုရုန်းကန်ခဲ့ရပြီး ဂိုးရနိုင်တဲ့ အခွင့်အရေးကိုလည်း အိုနာနာက ကာကွယ်သွားခဲ့ပါတယ်။ ဒီနောက်တော့ ပွဲက ၃-၂ အတိုင်းသာ ပြီးဆုံးခဲ့ပြီး ယူနိုက်တက်တို့ နိုင်ပွဲပြန်ရယူနိုင်ခဲ့ပါတယ်။