In partnership with  logo
ကမ္ဘာ့စံချိန်သစ်ချိုးလိုက်နိုင်တဲ့ ကလေးလေးပါ။

ကမ္ဘာ့အသက်အငယ်ဆုံး စာဖတ်တတ်နိုင်သူအဖြစ် စံချိန်သစ်ချိုးနိုင်ခဲ့သူလေးကတော့ အသက် ၃ နှစ် ၁လအရွယ် မောင်ဖြိုးသုတမောင်လေးပဲဖြစ်ပါတယ်။ အံ့သြစရာကောင်းလောက်အောင် စာတွေလည်းသင်မထားပါဘဲ စကားလုံးလေးတွေကစပြီး စာကြောင်းတွေ၊ စာပိုဒ်တွေထိဖတ်နိုင်တဲ့ ပါရမီရှင်လေးပါ။ 

ဖြိုးသုတမောင်အကြောင်း တစေ့တစောင်း


မောင်ဖြိုးသုတမောင်ကို ဖေဖေ ဦးဖြိုးကျော်စွာညွန့်နဲ့ မေမေဖယ်ဘရီမြင့်တို့က ၂၀၂၀ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ကိုဗစ်ကာလမှာ မွေးဖွားခဲ့တဲ့ ကလေးဖြစ်တဲ့အားလျော်စွာ အိမ်မှာပဲ နေခဲ့ရတာဖြစ်တဲ့အတွက် တစ်ကမ္ဘာလုံးမှာ ဖေဖေ၊ မေမေ နဲ့ သူ့ရဲ့ နာ့စ် ၊ သူ ဒီ လေးဦးပဲရှိခဲ့တယ်လို့ ထင်ခဲ့တဲ့ ကလေးလေးတစ်ဦးလည်းဖြစ်ပါတယ်။ 


ငယ်စဉ်ကတည်းက စာအုပ်ထဲမှာကြီးပြင်းခဲ့သူ 


“မွေးကတည်းက အဖြူအမည်းကတ်လေးတွေ Flash Card လေးတွေ အမြဲတမ်းပြပေးတယ်။ သူ့အသက်အရွယ်အလိုက် မွေးမွေးပြီးချင်းဆိုရင်တော့ အဖြူအမည်းလေးတွေ ၊ သုံးလလောက်ဆိုရင်တော့ အနီ ၊ အဝါ စသဖြင့် စပြပေးတယ်။ အဲဒီကနေပြီးတော့ အဝတ်စာအုပ်လေးတွေ အသက်အရွယ်လိုက်ကို ဖတ်ပြီးတော့ ဝယ်ထားပေးတယ်။ ဒါပေမယ့်သူစိတ်ဝင်စားလားဆိုတာတော့ မသိဘူးပေါ့နော်၊ လသားတုန်းကတော့ သူစာအုပ်တွေကို စိတ်ဝင်စားတယ်ဆိုတာတော့ မသိသာဘူး၊ ဒါပေမယ့် သူသည် စာအုပ်တွေကိုတော့ လသားလေးကတည်းက ချစ်ပြီး စိတ်ဝင်စားတယ်ဆိုတာ သိရတဲ့အချိန်ကစပြီး စာအုပ်ကို အဝတ်စာအုပ်တွေ၊ Flash Card တွေ၊ Sound Book တွေ အကုန်ဝယ်ပေးထားတာ” လို့ မိခင်ဖြစ်သူက ပြောပါတယ်။ 


မွေးကတည်းက စာအုပ်တွေနဲ့ ကြီးပြင်းခဲ့တဲ့ ဖြိုးသုတမောင်လေးဟာ စာအုပ်တွေကို အလွန်ချစ်မြတ်နိုးပြီး ဘယ်တုန်းကမှ စာအုပ်တွေကို ဆွဲဖြဲတာ ၊ ကိုက်တာမျိုးတွေတောင် မပြုလုပ်ဘူးလို့ မိခင်ဖြစ်သူကဆက်ပြောပါတယ်။ ဧည့်ခန်းနဲ့ အိပ်ခန်းတွေမှာလည်း ဖြိုးသုတမောင်အတွက် စာအုပ်စင်အများအပြားထားရှိတာကိုလည်း တွေ့ခဲ့ရပါတယ်။ 


စာမသင်ပေးပါဘဲ စာဖတ်တတ်ခဲ့သူ 


A,B,C,D ကိုတောင် မသင်ပေးခဲ့ပါဘဲ ဖြိုးသုတမောင်ဟာ စာဖတ်တတ်နေခဲ့တာကို မိဘနှစ်ပါးစလုံးက အံ့အားသင့်ကာ တွေ့ရှိခဲ့ရပါတယ်။ စာအုပ်တွေကို ဖတ်နေခဲ့ပေမယ့် အသံမထွက်ခဲ့တာကြောင့် စာဖတ်တတ်နေမှန်းမသိခဲ့ရဘဲ တစ်ရက်မှာ ဖခင်ဖြစ်သူ ရေးသားတဲ့ စာသားတွေကို အသံထွက်ဖတ်ပြခဲ့တဲ့အချိန်မှာတောင် မိဘနှစ်ပါးစလုံးက သားဖြစ်သူ စာဖတ်တတ်နေမှန်း သိခဲ့ကြရတာဖြစ်ပါတယ်။ 

“သူ စပြီးတော့ စာဖတ်လိုက်တဲ့အချိန်မှာ လူက နည်းနည်းလေးရှော့ရသွားတာပေါ့နော်။ အဲ့လိုအချိန်မှာ အရမ်းအံ့သြသွားတာပေါ့” လို့ ဖခင်ဖြစ်သူကပြောပါတယ်။ 

မိခင်ဖြစ်သူကတော့ “သိတဲ့အချိန်မှာ ၂နှစ်နဲ့ ၈လလောက်ရှိပြီ။ အဲဒီအချိန်မှာ သူက အကုန်လုံးကို တစ်ယောက်တည်းထိုင်ဖတ်နေတာ။ အဆုံးစွန်ဆုံးပြောလိုက်ရရင် A B C D E F G တောင်မသင်ဘူး၊ ဒါလေးက သီချင်းလေးတွေက စခဲ့တယ်။ Flash Card လေးတွေက စခဲ့တာကနေပြီးတော့မှ အဲ့လိုမျိုး Surprise ဖြစ်သွားခဲ့တာပေါ့။”လို့ ဆိုပါတယ်။  


ကမ္ဘာ့စံချိန်သစ်ချိုးနိုင်ခဲ့သူ 


သားဖြစ်သူ စာဖတ်တတ်မှန်းသိသွားချိန်မှာတော့ အင်တာနက်ပေါ်မှာ ကမ္ဘာ့အငယ်ဆုံး စာဖတ်တတ်တာ ဘယ်အသက်အရွယ်လဲဆိုတာကို ရှာဖွေခဲ့ကြပြီး အငယ်ဆုံးကမ္ဘာ့စံချိန်ရှင်ဟာ ဖြိုးသုတမောင်ထက် အသက်ကြီးနေတာကို တွေ့ခဲ့ရချိန်မှာတော့ သားလေးရဲ့ မှတ်တိုင်တစ်ခုအဖြစ် UK နဲ့ European အသိအမှတ်ပြု တရားဝင်အဖွဲ့အစည်းဖြစ်တဲ့ World Book of Record အဖွဲ့နဲ့ ချိတ်ဆက်မိခဲ့ပြီး ကမ္ဘာ့စံချိန်ရှင်အဖြစ် မှတ်တမ်းဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ 

စွမ်းဆောင်ရည်တွေအမြောက်အမြားရှိနေတဲ့သားလေး 


ဒီလို စာဖတ်တတ်တာဟာ သားလေးဖြိုးသုတမောင်ရဲ့ စွမ်းဆောင်ရည်တွေထဲက တစ်ခုသာရှိပါသေးတယ်။ စာဖတ်တာကို ဝါသနာထုံလွန်းတဲ့ သားလေးဟာ ကမ္ဘာ့နိုင်ငံ ၁၉၃ နိုင်ငံကို သိနေတဲ့အပြင် ဒီနိုင်ငံတွေဟာ ကမ္ဘာ့မြေပုံရဲ့ ဘယ်နေရာတွေမှာ ရှိတယ်ဆိုတာကအစ သိနေပါတယ်။ အရာရာကို စာပေကနေတစ်ဆင့် လေ့လာထားတဲ့ ဖြိုးသုတမောင်ဟာ ငါးတွေအကြောင်း၊ ငှက်တွေအကြောင်း ၊ ဒိုင်နိုဆောတွေအကြောင်း နဲ့ ဆိုလာစစ်စတမ်၊ ကမ္ဘာ့ဂြိုလ်နဲ့တကွ သိပ္ပံအကြောင်းအရာတွေကိုပါ ဗဟုသုတစုံလင်အောင် သိနေတဲ့ ကလေးငယ်လေးဖြစ်ပါတယ်။

“စာဖတ်တတ်တယ်ဆိုတာက သူ့ Basic Skills တွေထဲက တစ်ခုပဲ။ အဲ့ထက်မက သူ ပိုပြီးတော့ ထူးချွန်တဲ့အရာတွေအများကြီးရှိပါတယ်၊ ခုနက ပြောခဲ့သလိုပဲ။ ကမ္ဘာ့မြေပုံနဲ့ပတ်သက်တာနဲ့ဆိုရင် သူအကုန်နီးပါးသိတယ်။ အခုဆို နိုင်ငံပေါင်း ၁၉၃ နိုင်ငံ နဲ့ ပြည်နယ် ၂ခု သူအကုန်သိတယ်၊ အလံတွေကိုလည်း သိတယ်။ အဲဒါအပြင် ဒီနိုင်ငံတွေ ကမ္ဘာ့မြေပုံရဲ့ ဘယ်နေရာမှာ ရှိတယ်ဆိုတာကအစသူသိတယ်။ ငါးမန်းဆိုလည်း ဘာငါးမန်းအမျိုးအစားလဲ၊ ငါးမန်းတွေမှာ ထူးခြားချက်ကဘာလဲ ဒါတွေအပြင် ဂြိုလ်ကြီး ၈ လုံးအကြောင်းနဲ့ ဂြိုလ်တွေရဲ့ ဝိသေသလက္ခဏာတွေ နဲ့ ဂြိုလ်သိမ်ဂြိုလ်မွှားနာမည်တွေက အစ သူအကုန်သိတယ်။ အဲဒီလို သူအကုန်သိနေတာပါ။ စာဖတ်တာတော့ ကျွန်တော်အရမ်းဂုဏ်ယူပါတယ်။ ဒါပေမယ့် အဲဒါက သူ့ရဲ့ Basic Skill တစ်ခုပါ”လို့ ဖခင်ဖြစ်သူက သားရဲ့ စွမ်းဆောင်ရည်တွေအကြောင်း ခုလိုပြောပြပါတယ်။ 


ဘာတွန်းအားမှမရှိခဲ့သူ 


ဒီအရွယ်လေးနဲ့ စာဖတ်တတ်နေလို့ မိဘတွေက တွန်းအားပေးထားတာ ၊ အရမ်းသင်ကြားပေးခဲ့တာ ၊ ကလေးနဲ့ မလိုက်တဲ့ ဖိအားတွေရင်ဆိုင်နေရရှာတာ စတဲ့ မှတ်ချက်တွေကို ရရှိတဲ့အခါမှာလည်း မိဘနှစ်ပါးစလုံးက သူတို့ဟာ သားလေးရဲ့ စာဖတ်ဝါသနာကို ပံ့ပိုးပေးခဲ့တာကလွဲလို့ တခြားဘာဖိအားမှ မပေးခဲ့ကြောင်း ရှင်းပြခဲ့ပါသေးတယ်။ သားလေးကို ပျော်ရွှင်လွတ်လပ်စွာ ကြီးပြင်းလာစေချင်တာကိုက မိဘနှစ်ပါးလုံးရဲ့ ဆန္ဒဖြစ်ပါတယ်။ 

မိဘများအတွက် စကားလက်ဆောင် 


“World Book of Record တွေရတယ် ၊ အတန်းထဲမှာ ပထမတွေရတယ်။ A+တွေရတယ်၊ ဂုဏ်ယူဖို့ ကောင်းပါတယ်။ ကိုယ့်သားအတွက် ဘဝရဲ့ မှတ်တိုင်ပေါ့။ ဒါပေမယ့် အဲဒီအရာတွေက အရေးကြီးဆုံးလားဆိုတော့ အဲဒီအရာတွေက ဘဝမှာ အရေးကြီးဆုံးမဟုတ်ပါဘူး။ အရေးကြီးဆုံးက ကလေးတစ်ယောက်က သူ့ အသက်အရွယ်မှာ သူ့အတွက်လိုအပ်တဲ့ ပျော်ရွှင်မှုက အရေးကြီးဆုံးလို့ ကျွန်တော်ပြောချင်ပါတယ်။ ကလေးမကြိုက်တဲ့ အရာ၊ ကလေးမလုပ်ချင်တဲ့အရာကို အတင်းမလုပ်တာကောင်းပါတယ်။ သူလိုချင်တဲ့အရာ ၊ သူဖြစ်ချင်တဲ့အရာ ၊ သူသိချင်တဲ့ အရာအကုန်လုံးကိုလည်း မိဘတွေအကုန်လုံးက အစွမ်းကုန်ကြိုးစားပြီးတော့ ပံ့ပိုးပေးဖို့ လိုတယ်။" လို့ ဖခင်ဖြစ်သူက ကလေးမိဘတိုင်းအတွက် စကားလက်ဆောင်ပါးခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က