မော်ရင်ဟိုကတော့ မော်ရင်ဟိုပါပဲလို့ ထပ်ပြောရပြန်ပါပြီ။

ခရီမွန့်စ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ အနီကတ်ပြစ်ဒဏ်ထိခဲ့တဲ့နောက် မော်ရင်ဟိုဟာ အနီကတ်အတွက် အယူခံဝင်ခဲ့ပေမယ့် အရေးနိမ့်သွားခဲ့ပါပြီ။ ဒီအတွက်ကြောင့် ၂ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရတော့မှာဖြစ်ပြီး လာဇီယိုနဲ့ကစားရမယ့် ရောမဒါဘီပွဲ၊ ဆက်ဆူအိုလိုနဲ့ပွဲတွေမှာ အသင်းကို သူ ကိုင်တွယ်နိုင်မှာမဟုတ်တော့ဘဲ ပွဲကြည့်စင်ပေါ်ကနေ ပရိသတ်အဖြစ်နဲ့သာ ရှိတော့မှာပါ။ 

ဒီလိုပြစ်ဒဏ်ချမှတ်ခံရပြီးနောက် မော်ရင်ဟိုက သူ့ထုံးစံအတိုင်း ဒီဆုံးဖြတ်ချက်အတွက် အရွဲ့တိုက်ခဲ့ပါတယ်။ သူ့ရဲ့ လူမှုကွန်ရက်အကောင့်မှာ မော်ရင်ဟိုက လက်ထိပ်ခတ်ခံလိုက်ရတဲ့ပုံစံမျိုး ဟန်လုပ်ထားတဲ့ ဓာတ်ပုံကို တင်ခဲ့တာပါ။ မော်ရင်ဟိုက နာရီ၊ ဟန်းချိန်း၊ Adidas အကျီအဖြူကို ဝတ်ဆင်ထားပြီ မျက်မှန်လည်း တပ်ထားခဲ့ပါတယ်။ 

ဒီဓာတ်ပုံနဲ့အတူ သူက "Adidas၊ Hublot နဲ့ matilde.jewellery တို့ကို ကျေးဇူးအများကြီးတင်ပါတယ်" လို့ ရေးသားခဲ့ပြီး မထိခလုတ်ထိခလုတ် လုပ်ခဲ့တာပါ။ အဆိုပါကုမ္ပဏီတွေရဲ့ ကုန်ပစ္စည်းတွေအတွက် ကျေးဇူးတင်သလိုလို၊ ဓာတ်ပုံရိုက်ခဲ့သလိုလိုလုပ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ပြစ်ဒဏ်ချမှတ်ခံရမှုကို သွယ်ဝိုက်လှောင်ပြောင်ခဲ့တာလည်းဖြစ်ပါတယ်။ 

မော်ရင်ဟိုအတွက်တော့ ဒီရာသီမှာ အနီကတ် ၃ ကြိမ်အထိ ပြသခံခဲ့ရတာလည်းဖြစ်ပါတယ်။ ရိုးမားဟာ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမအကျော့မှာ ဆိုဆီဒက်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်တက်ဖို့ အခြေအနေကောင်းနေသလို စီးရီးအေမှာလည်း အဆင့် ၄ နေရာရောက်ရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်တနေရာစာကို ရယူထားနိုင်ပါတယ်။ 

Share

Loading Next Article...
က္က