အာဖရိကဖလားကို ရယူနိုင်ဖို့ ရေပန်းအစားဆုံးအသင်းတွေထဲမှာ ပါဝင်ခဲ့တဲ့ ဆီနီဂေါကတော့ ကွာတားဖိုင်နယ်အဆင့်ကိုရောက်ရှိသွားပြီဖြစ်ပါတယ်။ ကိတ်ဗာဒီနဲ့ပွဲမှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး နောက်တဆင့်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပြီး ပြိုင်ဘက်ကစားသမား ၂ဦးအထိ ထုတ်ပယ်ခံခဲ့ရမှုက သူတို့ကို နိုင်ပွဲရစေဖို့ အထောက်အကူပြုခဲ့ပါတယ်။
မာနေးနဲ့ ဘမ်ဘာဒီယန်တို့က ဆီနီဂေါအတွက် အနိုင်ဂိုးတွေကို သွင်းယူပေးခဲ့ကြပြီး ဒါဟာ ဒီပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် တပွဲတည်းကို ၂ ဂိုး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဆီနီဂေါဟာ အုပ်စုအဆင့်မှာ ရဂိုး ၁ ဂိုးတည်းသာရှိခဲ့ပေမယ့် အုပ်စုပထမနေရာရရှိခဲ့ပြီး ၁၆ သင်းအဆင့်ကို ရောက်ခဲ့ကာ ကွာတားဖိုင်နယ်ကိုရောက်ခဲ့ပေမယ့် စုစုပေါင်းမှ ၃ ဂိုးတည်းသာ ရရှိထားခဲ့တာဖြစ်ပါတယ်။
အုပ်စုအဆင့်ရဲ့ ရဂိုးအနည်းဆုံးအသင်းတွေထဲမှာ ဆီနီဂေါလည်းပါဝင်ခဲ့ပြီး ခံစစ်ပိုင်းကောင်းမွန်လွန်းခဲ့လို့သာ ဒီအဆင့်ထိ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ တိုက်စစ်ပိုင်းအားနည်းခဲ့ပေမယ့် ခံစစ်ကတော့ လက်ရှိအချိန်ထိ ပေးဂိုးတဂိုးမှမရှိဘဲ ဒီနှစ်အာဖရိကဖလားပြိုင်ပွဲမှာ ပေးဂိုးလုံး၀မရှိတဲ့ တခုတည်းသောအသင်းအဖြစ် ရပ်တည်နေတာလည်းဖြစ်ပါတယ်။
သူတို့အသင်းမှာ ဂိုးသမားအဖြစ် မန်ဒီ၊ နောက်တန်းမှာ ကူလီဘလီနဲ့ ဒီယာလိုတို့ ပါဝင်နေတာက ခံစစ်ပိုင်းကို စိတ်ချလက်ချဖြစ်စေခဲ့ရပါတယ်။ ကွာတားဖိုင်နယ်မှာတော့ ဆီနီဂေါဟာ မာလီ (သို့) ဂွီနီယာတို့နဲ့ ရင်ဆိုင်ရဖို့ရှိနေပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့မယ်ဆိုရင် ဘာကီနာဖာဆို (သို့) တူနီးရှားတို့နဲ့ ရင်ဆိုင်ရမှာဖြစ်ကာ ခြေစွမ်းပြနေတဲ့ အိုင်ဗရီကို့စ်၊ မော်ရိုကိုတို့ကို ရှောင်လွှဲနေမှာဖြစ်လို့ ပွဲချောင်နေတယ်လို့ ပြောလို့ရပါတယ်။