ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ၃ လအကြာမှာ လီယွန်နယ် မက်ဆီရဲ့ ကွာတားဖိုင်နယ်မှာ နယ်သာလန်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီး ဒေါသပေါက်ကွဲခဲ့တဲ့ ပွဲပြီးအင်တာဗျူး ဗီဒီယိုဖိုင်အပြည့်အစုံ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။
ကြာသပတေးနေ့ညမှာ လီယွန်နယ် မက်ဆီက ၎င်းဟာ ကမ္ဘာ့ချန်ပီယံဖြစ်ကြောင်း အကောင်းဆုံး သတိပေးနိုင်ခဲ့ပြီး အာဂျင်တီးနားပရိသတ်တွေရဲ့ မယုံနိုင်စရာ ကြိုဆိုမှုကြောင့် မျက်ရည်ကျရတဲ့အထိ ဝမ်းသာခဲ့ရတာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်အသင်းနဲ့ ကွာတားဖိုင်နယ်အဆင့်မှာ တွေ့ဆုံယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ပွဲမတိုင်ခင်ကတည်းက နယ်သာလန်နည်းပြ ဗန်ဟားလ်က မက်ဆီကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာကြောင့် အဖုအထစ်တွေ ရှိနေခဲ့တာဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းဟာ နယ်သာလန်အသင်းကို သက်တောင့်သက်သာနဲ့ အနိင်ရတော့မယ်လို့ ထင်ခဲ့ပေမယ့်လည်း လူစားဝင်လာတဲ့ ဗက်ဟော့စ်က ချေပဂိုး ၂ ဂိုးအထိ သွင်းယူသွားခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး အာဂျင်တီးနားက အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ လီယွန်နယ် မက်ဆီဟာ အင်တာဗျူး ဖြေဆိုနေချိန်အတွင်း ဒတ်ချ်တိုက်စစ်မှူးကို ဒေါသတကြီး အော်ဟစ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဗီဒီယိုဖိုင်အပြည့်အစုံ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဗက်ဟော့စ်ဟာ လီယွန်နယ် မက်ဆီ အင်တာဗျူးဖြေနေတဲ့ နေရာနားမှာ မယောင်မလည်နဲ့ အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးကို စောင့်ဆိုင်းနေခဲ့တာဖြစ်ပြီး အဲဒါက နဂိုကတည်းက ဒေါသထွက်နေတဲ့ အာဂျင်တီးနားကြယ်ပွင့်ကို ပိုလို့တောင် ဒေါသထွက်စေခဲ့တာဖြစ်ပါတယ်။
“မင်း ဒီမှာ ဘာလာလုပ်နေတာလဲ။”လို့ ၂ ကြိမ်အထိ မေးခဲ့ပြီး ပြန်မပြောတာကြောင့် ဒေါသပိုထွက်ပြီး “ဒီကနေ ထွက်သွားစမ်း အရူး”လို့ အော်ဟစ်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိက်တက်ကို အငှားနဲ့ လာကစားနေတဲ့ ဗက်ဟော့စ်ဟာ ပြီးတဲ့နောက်မှာ လီယွန်နယ် မက်ဆီကို လက်ကမ်းပေးခဲ့ပေမယ့်လည်း အာဂျင်တီးနားကြယ်ပွင့်က လစ်လျူရှုပြီး ကျော်သွားခဲ့တာဖြစ်ပါတယ်။
ဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုလုံးက ဆိုးဆိုးရွားရွား နားလည်မှု လွဲမှားခဲ့ကြတာဖြစ်ပြီး မက်ဆီကလည်း ပွဲအတွင်းနဲ့ ပွဲအပြီးမှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကြောင့် ဒေါသထွက်နေတာကြောင့် အခြေအနေတွေ ပိုမိုရှုပ်ထွေးသွားခဲ့တာဖြစ်ပါတယ်။