ဗျူဟာမြောက် အရေးပါတဲ့လုပ်ငန်းတွေမှာ ဦးဆောင်သူ ဖြစ်လာဖို့ နောက်သုံးနှစ်ကျော်အတွင်းမှာ Samsung ဟာ ဝမ် ၂၄၀ ထရီလီယံ (ဒေါ်လာ ၂၀၅ ဘီလျံခန့်) သုံးစွဲသွားမယ်လို့ ဆိုပါတယ်။
Samsung ပြောတဲ့ ဗျူဟာမြောက်တဲ့ စီးပွားရေးလုပ်ငန်းတွေထဲမှာ Semiconductors ၊ ဇီဝဆေးဝါး ထုတ်လုပ်မှု ၊ တယ်လီကွန်းဆက်သွယ်ရေး နဲ့အသစ်ပေါ်ပေါက်လာတဲ့ AI နဲ့စက်ရုပ်ပိုင်းလို နည်းပညာတွေ ပါဝင်နေပါတယ်။ ဝမ် ၂၄၀ ထရီလီယံကို အလုပ်အကိုင်နေရာ ၄၀၀၀၀ ခန့်အပ်မှုမှာလည်း သုံးသွားမှာပါ။ စုစုပေါင်းရင်းနှီးမြှပ်နှံမှုထဲက ဝမ် ၁၈၀ ထရီလီယံကို တောင်ကိုရီးယားမှာ သုံးသွားမှာပါ။
Photo: Kodkey
ZDNet မှာ ဖော်ပြချက်အရ Samsung ဟာ ၂၀၁၈ နဲ့ ၂၀၂၀ အကြား ငွေကြေးအသုံးစရိတ်နဲ့ သုတေသန ဖွံ့ဖြိုးရေးဘက်မှာ ဝမ် ထရီလီယံ ၁၈၀ ဝန်းကျင်သုံးခဲ့တယ်လို့ ဆိုပါတယ်။ နောက် ၃ နှစ်မှာ သုံးသွားမယ့် ဝမ် ၂၄၀ ထရီလီယံဟာ အရေးပါတဲ့ စက်မှုနည်းပယ်အတွင်း ကြုံလာမယ့် အပြောင်းအလဲကြီးတွေအတွက် အဆင်သင့်ပြင်ဆင်ဖို့နဲ့ COVID-19 ကပ်အလွန် မျှော်လင့်ထားတဲ့ လူမှုဖွဲ့စည်းပုံကို ဦးဆောင်သူအဖြစ်ရပ်တည်ဖို့ ရည်မှန်းထားတာပါ။
Semiconductor လောကမှာ အဆင့်အတန်းမြင့်တဲ့ ထုတ်လုပ်မှုတွေ လုပ်ပြီး ထိပ်တန်း memory chip နဲ့ logic chip ဦးဆောင်ထုတ်လုပ်သူအဖြစ် ရပ်တည်ဖို့ ရင်းနှီးမြှပ်နှံသွားမှာပါ။ လက်ရှိ ကမ္ဘာ့ဈေးကွက်အခြေအနေအရ Semiconductor ကဏ္ဍဟာ ရင်းနှီးမြှပ်နှံမှု အမြောက်အများ လိုအပ်နေတယ်လို့လည်း Samsung က ဆိုပါတယ်။ အမေရိကန်နိုင်ငံဟာလည်း chip ထုတ်လုပ်ရေးမှာ ဒေါ်လာ ဘီလျံ ၅၀ ကျော် ရင်းနှီးမြှပ်နှံဖို့ ပြင်ဆင်နေသလို ဥရောပသမဂ္ဂကလည်း ၂၀၃၀ အကုန်မှာ ကမ္ဘာ့ chip ဈေးကွက်တစ်ခုလုံးရဲ့ ၂၀% ကို ရရှိဖို့ ပစ်မှတ်ထားနေပါတယ်။
တရုတ်နိုင်ငံဟာ အဆင့်မြင့်နည်းပညာပိုင်းအတွက် သုတေသနနဲ့ ဖွံ့ဖြိုးရေးရံပုံငွေကို ၂၀၃၅ ခုနှစ်အထိ နှစ်စဉ် ၇% ကျော် တိုးပြီး ရင်းနှီးမြှပ်နှံဖို့ ပြင်ဆင်နေပါတယ်။ ဒီသုတေသနအသုံးစရိတ်အတွက် ပစ်မှတ်ထားတဲ့ အဆင့်မြင့်နည်းပညာနယ်ပယ်ထဲမှာ Semiconductors စီးပွားရေးလည်း ပါဝင်နေပါတယ်။ Semiconductor တွေဟာ တောင်ကိုရီးယားစီးပွားရေးရဲ့ အဓိက ထောက်တိုင်တစ်ခုဖြစ်ပြီး ၂၀၂၀ မှာ နိုင်ငံရဲ့ ပြည်ပပို့ကုန်ထဲက ၁၉.၃% ဟာ Semiconductors တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
Photo: ZDNet
COVID-19 ကပ်အတွင်းမှာ ကမ္ဘာ့ထိပ်တန်း chip ထုတ်လုပ်သူတွေ ဖြစ်တဲ့ Intel နဲ TSMC တို့ဟာ chip ထုတ်လုပ်ရေးဘက်မှာ ပိုပြီး ငွေကြေးသုံးစွဲမှုတွေ လုပ်ဆောင်လာနေပါတယ်။ ကန်ထရိုက်ယူပြီး ဇီဝဆေးဝါးထုတ်လုပ်မှုမှာ Samsung ကုမ္ပဏီအနေနဲ့ ၂၀၂၃ မှာ ဈေးကွက်ရဲံ ၃၀%ကို လွှမ်းခြုံနိုင်ဖို့ မျှော်မှန်းထားသလို တယ်လီကွန်းဆက်သွယ်ရေးပိုင်းမှာ ကွန်ရက်တွေ ပိုပြီး အဆင့်မြှင့်တင်ဖို့နဲ့ စွမ်းဆောင်ရည်ပိုကောင်းစေမယ့် ဆော့ဖ်ဝဲလ်ပိုင်းကို ပိုပြီး ငွေသုံးသွားမယ်လို့ ဆိုပါတယ်။
လက်ရှိ 5G ကွန်ရက်ပိုင်းမှာ ဆက်ပြီး အာရုံစိုက်သွားမှာ ဖြစ်သလို လာမယ့် 6G ကွန်ရက်ပိုင်း ကြိုတင်ပြင်ဆင်မှုတွေ အားကောင်းစေဖို့လည်း Samsung ဟာ စီမံထားပါတယ်။ Samsung ရဲ့ ဝမ် ၂၄၀ ထရီလီယံရင်းနှီးမြှပ်နှံမှုမှာ AI နဲ့ စက်ရုပ်နည်းပညာပိုင်းဆိုင်ရာ သုတေသနနဲ့ ဖွံ့ဖြိုးရေးစရိတ်တွေ ပါသလို Display application သစ်တွေ ၊ စွမ်းအင်မြင့်ဘက်ထရီနဲ့ မော်တော်ကားဘက်ထရီနည်းပညာပိုင်းအတွက်လည်း သုံးစွဲမှု လုပ်သွားမယ်လို့ ဆိုပါတယ်။