ခရစ္စတီယာနိုရော်နယ်ဒိုကတော့ မနေ့ညက ကစားခဲ့တဲ့ အယ်လ်နာဆာပွဲမှာ အလွတ်တည်ကန်ဘောကတဆင့် ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ၃ နှစ်ကြာ အလွတ်တည်ကန်ဘောသွင်းဂိုးမရရှိမှုကို အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ပွဲကစားချိန် ၇၈ မိနစ်မှာ ရရှိခဲ့တဲ့ အလွတ်တည်ကန်ဘောကို ရော်နယ်ဒိုက အဆုံးသတ်နိုင်ခဲ့ကာ အသင်းအတွက် အရေးပါတဲ့ချေပဂိုးလည်းဖြစ်လာခဲ့ပြီး အယ်လ်နာဆာတို့ အနိုင်ရဖို့အတွက်ပါ အားတက်စေခဲ့တဲ့ သွင်းဂိုးဖြစ်ပါတယ်။
Abha ရဲ့ ဦးဆောင်ဂိုးသွင်းယူမှုကြောင့် ခက်ခက်ခဲခဲရုန်းကန်နေရတဲ့ အယ်လ်နာဆာဟာ ရော်နယ်ဒိုရဲ့ သွင်းဂိုးကြောင့် ချေပဂိုးပြန်လည်ရရှိခဲ့ပြီး ပွဲပြီးခါနီးမှာ ပင်နယ်တီထပ်မံရရှိခဲ့ကာ တယ်လစ္စကာက အဆုံးသတ်ခဲ့လို့ ၂-၁ နဲ့ အိမ်ကွင်းမှာ အနိုင်ရကာ အမှတ်ပေးဖလားအတွက် မျှော်လင့်ချက်တွေကို အသက်သွင်းထားနိုင်ဆဲလည်းဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ဖရီးကစ်ကနေ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် သူ အောင်ပွဲခံနေကျအတိုင်း အောင်ပွဲမခံတော့ဘဲ လက်နှစ်ဖက်မြှောက်ပြီး အားပါးတရ အောင်ပွဲခံခဲ့ပါတယ်။ ဒီဂိုးအတွက် ရော်နယ်ဒိုက တော်တော်လေးကို ကျေနပ်နေခဲ့တာကို မြင်တွေ့ခဲ့ရပြီး ဂိုးပေါက်ပျောက်နေမှုကို အဆုံးသတ်နိုင်ခဲ့တာဖြစ်သလို ဖရီးကစ်သွင်းဂိုး၊ အရေးပါတဲ့ချေပဂိုးလည်း ဖြစ်နေခဲ့လို့ သူ့ရဲ့ စိတ်ခံစားချက်က တော်တော်လေးပြင်းထန်တာကိုလည်း တွေ့ခဲ့ရပါတယ်။
ပွဲအပြီးမှာ ရော်နယ်ဒိုက သူ့ရဲ့ လူမှုကွန်ယက်ကတဆင့် "အနိုင်ရလို့ အရမ်းကို ကျေနပ်မိတယ်၊ ပရိသတ်တွေနဲ့အတူ ကျနော်တို့အိမ်ကွင်းမှာ ဂိုးသွင်းယူရတာ အရမ်းပျော်ရွှင်ရပါတယ်" လို့ ရေးသားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ပွဲပြီးခါနီးရရှိခဲ့တဲ့ ပင်နယ်တီကိုလည်း သူ ကန်မသွင်းခဲ့ဘဲ အသင်းဖော်တယ်လစ္စကာကိုသာ အဆုံးသတ်စေခဲ့ပါတယ်။
ဒါကြောင့် တယ်လစ္စကာက အခုဆိုရင် ဂိုးသွင်းအများဆုံးကစားသမားနဲ့ သွင်းဂိုး ၁ ဂိုးသာ ကွာဟပြီး ရွှေဖိနပ်ဆုအတွက် မျှော်လင့်ချက်တွေရှိလာခဲ့ပြီဖြစ်ပါတယ်။