အာဆင်နယ်တို့ နိုင်ပွဲရခဲ့ပေမယ့် အူဘာမီးယန်းကတော့ အံ့အားသင့်စရာကောင်းအောင် လွဲချော်ခဲ့ရတာပါ။

ဒီနေ့ညအစောပိုင်းမှာ ကစားခဲ့တဲ့ အာဆင်နယ်နဲ့နယူးကာဆယ်တို့ပွဲမှာတော့ အာဆင်နယ်တိုက်စစ်မှူး အသင်းခေါင်းဆောင် အူဘာမီးယန်းက အံ့အားသင့်ဖွယ် လွဲချော်မှုမျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီပွဲမှာတော့ အာဆင်နယ်က ဆာကာ၊ မာတီနယ်လီတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။



ဒီပွဲရဲ့ ပွဲကစားချိန် ပထမပိုင်းမှာ အာဆင်နယ်က ပွဲချိန်အများစုကို လွှမ်းမိုးနိုင်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ဘဲ ပြိုင်ဘက် နယူးကာဆယ်ဂိုးသမား ဒူဘရာကာလည်း အာဆင်နယ်ရဲ့ ထိုးဖောက်မှုတွေကို အကောင်းဆုံး လက်စွမ်းပြကာကွယ်ခဲ့ပါတယ်။ နယူးကာဆယ်ဘက်က ရှယ်လ်ဗီရဲ့ လှပတဲ့ အဝေးကန်ချက်ကိုလည်း အာဆင်နယ်ဂိုးသမား ရမ်စ်ဒေးလ် အကောင်းဆုံး ကာကွယ်နိုင်ခဲ့သေးတာပါ။

ပထမပိုင်းမှာ နှစ်ဖက်ဂိုးသမားတွေ လက်စွမ်းပြခဲ့တယ်လို့ဆိုနိုင်ပြီး အာဆင်နယ် အသင်းခေါင်းဆောင် အူဘာမီးယန်းကတော့ အံ့အားသင့်ဖွယ် လွဲချော်မှုမျိုးနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ပွဲကစားချိန် မိနစ် (၄၀) မှာ ဆာကာရဲ့ ထိုးဖောက်ဖြတ်တင်ပေးမှုကတဆင့် စမစ်ရိုးရဲ့ ခေါင်းတိုက်ချက်ကို နယူးကာဆယ်ဂိုးသမား ဒူဘရာကာ အကောင်းဆုံး ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။

အဲ့ဒီကတဆင့် ပြန်ထွက်လာတဲ့ ဘောလုံးကို အူဘာမီးယန်း အေးအေးဆေးဆေး ခြေခွင်လေးနဲ့ပိတ်ပြီး သွင်းယူရာမှာတော့ သူ့ရဲ့ ကန်ချက်က ဂိုးတိုင်နဲ့ ထိထွက်သွားခဲ့တာပါ။ အူဘာမီးယန်းဟာ ဂိုးပေါက်နဲ့ အနီးကပ်ဆုံးမှာရှိနေတာဖြစ်ပြီး သူ့ရဲ့ ကန်ချက်သာ ဂိုးပေါက်တည့်ခဲ့ရင် ဂိုးစည်းထဲရောက်နေတဲ့ ရစ်ချီနဲ့ ဂိုးသမား ဒူဘရာကာတို့လည်း ကာကွယ်နိုင်မှာမဟုတ်ပါဘူး။

ဒါပေမယ့် အူဘာမီးယန်းကတော့ အံ့အားသင့်ဖွယ် လွဲချော်ခဲ့တာဖြစ်ပြီး သူ့ရဲ့ လွဲချော်မှုကို ပရိသတ်တွေရော၊ နည်းပြ အာတီတာပါ မယုံနိုင်အောင်ဖြစ်ခဲ့ရပါတယ်။ အူဘာမီးယန်းဟာ ဒုတိယပိုင်းမှာလည်း ဂိုးသမားနဲ့ တယောက်ချင်းအတွေ့မှာ မကျော်ဖြတ်နိုင်ခဲ့ဘဲ ပွဲကစားချိန် (၇၅) မိနစ်အရောက်မှာတော့ လူစားလဲခံခဲ့ရပါတယ်။

အာဆင်နယ်ဟာ ဒီနိုင်ပွဲကြောင့် ပြီးခဲ့တဲ့အပတ်က လီဗာပူးနဲ့ဂိုးပြတ်ရှုံးပွဲကို အကောင်းဆုံးချေဖျက်ကာ အမှတ်ပေးဇယားရဲ့ အဆင့် (၅) နေရာမှာ ရမှတ် (၂၃) မှတ်နဲ့ ဆက်လက်ရပ်တည်နေခဲ့ပါတယ်။ 

Share

က္က