ဆက်တိုက်ဆိုသလို ခြေစွမ်းကောင်းတွေပြသနေတဲ့ ဘာစီလိုနာအသင်းဟာ ဒီတပတ်လာလီဂါပွဲမှာလည်း ကစားရခက်တဲ့ ဘီလ်ဘာအိုကို အိမ်ကွင်းမှာ ၄ ဂိုးပြတ်နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ ယူရိုပါလိဂ်မှာ နာပိုလီကို ချေမှုန်းပြီးနောက် အမှတ်ပေးပွဲမှာပါ ဂိုးတွေ အများကြီးထပ်မံသွင်းယူနိုင်ခဲ့သလို အသင်းအတွက် ဒမ်ဘီလီက ခြေစွမ်းပြသွားလို့လည်း ပိုပြီးကျေနပ်စရာဖြစ်ခဲ့ရပါတယ်။
ဒီနိုင်ပွဲကြောင့် အဆင့် ၄ နေရာအထိ ဘာစီလိုနာတို့ တက်လှမ်းနိုင်ခဲ့ပြီး အဆင့် ၃ နေရာက ဘက်တစ်ထက် တပွဲလျော့ကစားထားကာ ၁ မှတ်သာကွာဟပါတော့တယ်။ ဒါကြောင့် သူတို့အနေနဲ့ ရာသီကုန်မှာ မြင့်မားတဲ့အဆင့်တခုဆီ ရပ်တည်နိုင်ဖို့ မျှော်လင့်ချက်က ပိုမိုအားကောင်းလာခဲ့ပြီးတော့ ကံကြမ္မာ၊ ခြေစွမ်းသာ မျက်နှာသာထပ်ပေးခဲ့မယ်ဆိုရင် ဒီထက်ကောင်းတဲ့ အခြေအနေကို ပိုင်ဆိုင်ဖွယ်ရှိနေပါတယ်။
ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေခေါ်ယူနိုင်ခဲ့ပြီးနောက် ဘာစီလိုနာရဲ့ ခြေစွမ်းနဲ့ ရလဒ်တွေက သိသိသာသာ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ကစားသမားတွေသစ်တွေက ချက်ချင်းအံဝင်နေပြီး မူလကစားသမားတွေနဲ့ မြန်မြန်ဆန်ဆန်ပဲ နားလည်မှုပြည့်၀အောင် ကစားနိုင်ခဲ့ကာ ဇာဗီရဲ့ ကစားကွက်၊ နည်းဗျူဟာတွေမှာ အလုပ်ဖြစ်နေခဲ့တဲ့နောက် ဘာစီလိုနာက လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ ဇယားထိပ်ဆုံးက ရီးရဲလ်နဲ့ ၁၅ မှတ်၊ ဒုတိယနေရာက ဆီဗီလာနဲ့ ၉ မှတ်ကွာအနေအထားမှာ ဘာစီလိုနာက ရှိနေပါတယ်။