ရက်ရှ်ဖို့ဒ်ကို အနာဂတ်အတွက် ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။

တန်ဟက်ဂျ်က ယူနိုက်တက်မှာ ၃ ယောက်တန်းတိုက်စစ်ကို ပုံဖော်ချင်နေတယ်လို့ မန်ချက်စတာညနေခင်းသတင်းစာက ဖော်ပြခဲ့ပါတယ်။ အဓိကအားဖြင့် ရော်နယ်ဒိုကို တည်မှာဖြစ်ပေမယ့် ကစားသမားရဲ့ အသက်အရွယ်ကြောင့် အနာဂတ်မှာ ၃ ယောက်တန်းတိုက်စစ်ရဲ့ အလယ်နေရာအတွက် ရက်ရှ်ဖို့ဒ်ကို အားကိုးဖို့ တန်ဟက်ဂျ်က ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။

ရာသီကြိုပွဲစဥ်တွေမှာ ဒီပုံစံကို တန်ဟက်ဂျ်က အသုံးပြုသွားဖို့လည်း ရှိနေတယ်လို့ ဆိုပါတယ်။ ရက်ရှ်ဖို့ဒ်ကတော့ ယူနိုက်တက်အတွက် စတင်ကစားပေးချိန်မှာ တိုက်စစ်မှူးတဦးအဖြစ် ကစားခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီတွေမှာတော့ တောင်ပံတိုက်စစ်ကစားသမားပုံစံကို ပြောင်းလဲကစားခဲ့ပါတယ်။ တန်ဟက်ဂျ်ရဲ့ ရည်ရွယ်ချက်က ဘယ်တောင်ပံမှာပဲ ကစားချင်တဲ့ ရက်ရှ်ဖို့ဒ်အတွက် အနည်းငယ်တော့ စိတ်ပျက်စရာဖြစ်လာနိုင်ပါတယ်။ 

ယူနိုက်တက်နည်းပြဟောင်းမော်ရင်ဟိုလက်ထက်တုန်းကတော့ ရက်ရှ်ဖို့ဒ်က ဗဟိုတိုက်စစ်မှူးအဖြစ် မသင့်တော်ဘူးလို့ ရှုမြင်ခဲ့ဖူးပါတယ်။ ရက်ရှ်ဖို့ဒ်ရဲ့ အကောင်းဆုံးနေရာက ဘယ်တောင်ပံလို့ မော်ရင်ဟိုက ပြောဆိုခဲ့ပြီး နံပါတ် ၉ တိုက်စစ်မှူးကတော့ ဖြစ်လာမှာမဟုတ်ဘူးလို့ ပေါ်တူဂီသားနည်းပြက Sky Sports ကို ပြောဆိုခဲ့ဖူးပါတယ်။ 

ဒါပေမယ့် တန်ဟက်ဂျ်က ရက်ရှ်ဖို့ဒ်ကို အဆိုပါနေရာမှာ အကောင်းဆုံးကစားနိုင်ဖို့ ဘယ်လိုအစီအစဉ်တွေရှိလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။ နယ်သာလန်သားနည်းပြဟာ ပြီးခဲ့တဲ့ရာသီက ဟော်လာကို ခြေစွမ်းပြနိုင်အောင် စီစဉ်ပေးနိုင်ခဲ့ပြီး အေဂျက်ဇ်အတွက် ပြည်တွင်းဂိုး ၂၈ ဂိုးနဲ့ ချန်ပီယံလိဂ်မှာ ၁၁ ဂိုးအထိရရှိတဲ့အထိ ဟော်လာက တောက်ပခဲ့ပါတယ်။ 

မာရှယ်ပြန်ရောက်လာပြီး အန်တိုနီကိုလည်း ခေါ်ယူဖို့ကြိုးစားနေလို့ ယူနိုက်တက်ရဲ့ တိုက်စစ်ပုံစံကတော့ သေချာမှုမရှိသေးပါဘူး။ ဘယ်သူက တန်ဟက်ဂျ်ရဲ့ ယုံကြည်အားကိုးမှုကို ရယူနိုင်မလဲဆိုတာကိုတော့ လာမယ့်ရာသီကြိုပွဲစဉ်တွေနဲ့ ရာသီအစကြားမှာမြင်တွေ့ရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က