နှင်းထူထပ်စွာ ကျရောက်နေမှုကြောင့် ပွဲကို ရွှေ့ဆိုင်းခဲ့တာပါ။

တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူး ဟာရီ ကိန်းဟာ နှင်းထူထပ်စွာ ကျဆင်းနေမှုကြောင့် ရွှေ့ဆိုင်းခဲ့တဲ့ စပါးအသင်းပွဲစဉ်ကို ကြည့်ဖို့ တစ်ခုတည်းအတွက်နဲ့ ၃၁ နာရီကြာ ခရီးနှင်ခဲ့တဲ့ အမေရိကန်စုံတွဲကို အသင်းရဲ့လာမယ့်ပွဲစဉ်အတွက် အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့နေ့လယ် ၂ နာရီမှာ ဘန်လေအသင်းအိမ်ကွင်း တာ့ဖ် မိုးမှာ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားတဲ့ ပွဲစဉ်ဟာ ပွဲမကစားမီ နာရီပိုင်းအလိုမှာ နှင်း ထူထဲစွာ ကျရောက်မှုကြောင့် ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။ စပါးနဲ့ ဘန်လေတို့ရဲ့ ပွဲစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီဖြစ်တယ်လို့ ကြေညာခဲ့ပြီးနောက် ကန်နဲ့ ဘရန်ဒီ ဆက်တန်တို့က ဒါးလက်စ်ကနေ လာခဲ့ရတဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး တွစ်တာပေါ်မှာ တင်ထားခဲ့တဲ့ ပို့စ်ဟာ လူအများရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။



အမေရိကန်လူမျိုး ဇနီးမောင်နှံထဲက ဇနီးဖြစ်သူ ကန် ဆက်တန်က စနေနေ့က ၎င်းတို့ရဲ့ ဇနီးမောင်နှံ ၂ ဦးအတူ ရထားပေါ်မှာ တွဲရိုက်ထားတဲ့ ဓာတ်ပုံနဲ့အတူ 'ဒါးလက်စ်ကနေ လန်ဒန်၊ လန်ဒန်ကနေ ဘန်လေ။ စုစုပေါင်း ၃၁ နာရီ နီးပါးကြာတယ်။ ၂ ယောက်သား မအိပ်ဘဲ ကော်ဖီ၊ ချိစ် ခရက်ကာနဲ့ ကော်ဖီတွေပဲ သောက်ပြီး ဗိုက်ဖြည့်ရ။ ပွဲနေ့အတွက် အရမ်းအေးပြီး နှင်းကျမယ်လို့ မိုးလေဝသခန့်မှန်းချက်ထုတ်ထားတယ်။ အသင်းကို ချစ်မြတ်နိုးတဲ့အခါမှာ ကျွန်မတို့ လုပ်နေတဲ့အရာတွေကို လုပ်မှာပါ"ဆိုတဲ့ စာကို ရေးသားခဲ့ပါတယ်။

မိုးလေဝသ ခန့်မှန်းချက်ဟာ အတိအကျမှန်ကန်ခဲ့ပြီး တနင်္ဂနွေနေ့ နေ့လယ် ၂ နာရီမှာ ပွဲမကစားမီ မိနစ် ၉၀ ဝန်းကျင်လောက်ကစပြီး ကွင်းကို ရှင်းလင်းဖို့ ကြိုးပမ်းခဲ့ပေမယ့် နှင်းတွေက အလွန်လျင်လျင်မြန်မြန်ကျဆင်းနေတာကြောင့် အကြောင်းမထူးခဲ့တာဖြစ်ပါတယ်။ ကန်တို့ ဇနီးမောင်နှံရဲ့ ပို့စ်ဟာ လူမှုကွန်ရက်ပေါ်က တော့တင်ဟမ်ပရိသတ်တွေကို ညှို့ငင်နိုင်ခဲ့ပြီးနောက် တော့တင်ဟမ်တိုက်စစ်မှူး ဟာရီ ကိန်းဆီကို ပေးပို့ခြင်း ခံခဲ့ရပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဟာရီ ကိန်းက ကန်တို့ ဇနီးမောင်နှံရဲ့ပို့စ်ကို 'ဒီတွိကို ပေးပို့ခဲ့ပြီး ခင်ဗျားအတွက် လုံးဝကို စိတ်မသက်မသာဖြစ်မိပါတယ်။ ခင်ဗျားရဲ့ စိတ်အားထက်သန်မှုအတွက်ဖြစ်ပြီး ကစားဖို့ စီစဉ်ထားတဲ့ပွဲစဉ်က ရွှေ့ဆိုင်းလိုက်ရတာကြောင့် ခင်ဗျားတို့ နောက်တစ်ခါ လန်ဒန်မှာရှိတဲ့အခါကျရင် ကျွန်တော့်ရဲ့ ဧည့်သည်အဖြစ် အိမ်ကွင်းပွဲစဉ်ကို လာကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်"လို့ တုံ့ပြန်ခဲ့ပါတယ်။

ဟာရီ ကိန်းရဲ့ ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့တဲ့ ဘရန်ဒီ ဆက်တန်က တွစ်တာပေါ်ကနေ "ကျွန်မယောကျင်္ားကတော့ တရားဝင် လူတွေကြား ပျံ့နှံ့သွားပြီဖြစ်ပြီး ကျွန်မတို့ ဟာရီ ကိန်းရဲ့ စပါးစ်ပွဲကို ကြည့်ဖို့ ဖိတ်ကြားခြင်း ခံခဲ့ရပါတယ်"လို့ တုံ့ပြန်ခဲ့ပါတယ်။ ကန် ဆက်တန်ကလည်း ဟာရီ ကိန်းကို "နှုတ်ဆက်ပါတယ် ဟာရီ။ ပြီးတော့ ဒါတွေ လုံးဝမလိုအပ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ခင်ဗျားရဲ့ ကမ်းလှမ်းမှုကို ဝမ်းမြောက်ဝမ်းသာ လက်ခံရပါလိမ့်မယ်။ ခင်ဗျားနဲ့ တခြားစပါးစ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ တကယ်ကို အံ့အားသင့်စရာပဲ"လို့ ပြန်လည် ရေးသားခဲ့ပါတယ်။

တာ့ဖ် မိုးရဲ့ မြေအောက်အပူပေးစနစ်ကို တစ်ညလုံး လုပ်ဆောင်စေခဲ့ပေမယ့် သိပ်သည်းတဲ့နှင်းထုကို အရည်ပျော်သွားအောင် လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ ပရိသတ်တွေဟာ ကွင်းအတွင်းကို စတင်ရောက်ရှိတဲ့အချိန်ကတည်းက စိုးရိမ်မှုတွေ ရှိနေခဲ့ကြတာဖြစ်ပြီး ကလပ်အသင်း ၂ သင်းစလုံးက ပွဲထွက်လူစာရင်းထုတ်ပြန်ကြေညာပြီးနောက် သိပ်မကြာခင်မှာပဲ ပွဲကို ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ ဘန်လေနဲ့ တော့တင်ဟမ် ဟော့စပါးအသင်းတို့ရဲ့ပွဲစဉ်ကို ဘယ်အချိန်လောက်မှာ ပြန်ကစားဖို့ စီစဉ်ထားလဲဆိုတဲ့ သတင်းအချက်အလက်လည်း ပေးခြင်း မရှိသေးပါဘူး။

Share

က္က