ရော်နယ်ဒိုကို ပြန်ခေါ်မှာလားဆိုတဲ့ မေးခွန်းကို ဖြေဆိုခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်အသင်းဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်ကတော့ ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူမှာလားဆိုတဲ့ မေးခွန်းကို လှောင်ပြောင်ဖြေဆိုမှုတွေနဲ့အတူ တုံ့ပြန်သွားခဲ့ပါတယ်။ ဒီနွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာချင်တယ်လို့ ပြောဆိုထားတဲ့ အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒိုက လက်ရှိအချိန်ထိ အသင်းသစ်ရှာမတွေ့ဖြစ်နေပြီး ယူနိုက်တက်မှာပဲ ဆက်လက်ကစားနေတာဖြစ်ပါတယ်။ 



ပေါ်တူဂီတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီမှာ အသင်းအတွက် ၂၄ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့သူပါ။ ဒါပေမယ့် ယူနိုက်တက်ရဲ့ ကစားသမားသစ်ဝယ်ယူမှု၊ အသင်းရဲ့ စီမံခန့်ခွဲမှုအပိုင်းတွေအပေါ် စိတ်ပျက်ခဲ့ပြီးနောက် အသင်းကထွက်မယ်လို့ ဖွင့်ဟထားခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်မှာ ၉ နှစ်ကြာကစားခဲ့တဲ့ ရော်နယ်ဒိုဟာ ဂျူဗီကို ပြောင်းရွှေ့ခဲ့ပြီး ၃ ရာသီကြာကစားခဲ့တဲ့နောက် အသင်းဟောင်းယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ 



ပီရက်ဇ်ကတော့ သူတို့အနေနဲ့ ရော်နယ်ဒိုကို ပြန်ခေါ်ယူစရာမလိုဘူးလို့ အခိုင်အမာယုံကြည်နေပါတယ်။ ဖရန့်ဖတ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ဥရောပစူပါဖလားပွဲအပြီးမှာ ပရိသတ်တဦးက ရီးရဲလ်မက်ဒရစ်အနေနဲ့ ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူဖို့အတွက် စိတ်ဝင်စားလားဆိုပြီးတော့ မေးမြန်းခဲ့ပါတယ်။ 

ဒီမေးခွန်းကို ပီရက်ဇ်က "ရော်နယ်ိဒုလား? နောက်တကြိမ်လား? အသက် ၃၈ နှစ်အရွယ်ကိုလား? ဆိုပြီး ပြန်ပြောခဲ့ကာ ရယ်မောပြီးတော့ ထွက်ခွာသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ လာမယ့်နှစ် ဖေဖော်ဝါရီလမှာ ၃၈ နှစ် ပြည့်မှာဖြစ်ပြီး ကစားသမားဘ၀ကနေ အနားယူဖို့အချိန်တွေကလည်း တဖြည်းဖြည်းနီးကပ်လာနေပြီဖြစ်ပါတယ်။ 

ရီးရဲလ်မှာ အသင်းသမိုင်းတလျှောက် ထာ၀ရဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြီး သမိုင်းဝင်၊ စံချိန်တင်အောင်မြင်မှုတွေကို ရယူနိုင်ခဲ့ကာ ပီရက်ဇ်ရဲ့ မျက်နှာသာပေးမှုကို ခံခဲ့ရတဲ့ ရော်နယ်ဒိုက အခုချိန်မှာတော့ ဒီအသက်အရွယ်ကြီးကို ပြန်ခေါ်ရမှာလားဆိုပြီး ဟာသလုပ်ပြောဆိုခံခဲ့ရတာပဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က