အယ်လ်နာဆာနည်းပြ လူးဝစ်ကက်စထရိုက အသက် ၃၈ နှစ်အရွယ်မှာ တနှစ်ကို ဂိုး ၅၀ အထိ သွင်းနိုင်တဲ့ ရော်နယ်ဒိုလို ကစားသမားမျိုးရှိရင် ပြစမ်းပါလို့ ပြောဆိုလိုက်ပါတယ်။ ဒီရာသီမှာ သူ့အသင်းအတွက် ထူးရှယ်ခြေစွမ်းပြနေတဲ့ အသင်းခေါင်းဆောင်ကိုလည်း ချီးမွမ်းခဲ့ပြီး ယုံနိုင်စရာမရှိအောင်ကို လုပ်ပြနေတယ်လို့လည်း ဆိုခဲ့ပါတယ်။
ရော်နယ်ဒိုဟာ အယ်လ်နာဆာအတွက် ပြိုင်ပွဲစုံမှာ ခြေစွမ်းပြသနေပြီး ဒီနှစ်အတွင်းမှာပဲ သွင်းဂိုးပေါင်း ၅၀ နီးပါးအထိရှိလာခဲ့တာဖြစ်ပါတယ်။ အယ်လ်နာဆာအတွက်လည်း ပြိုင်ပွဲစုံသွင်းဂိုး ၂၀ နီးပါးအထိ ဒီရာသီမှာ သွင်းယူထားတာကာ အသက်အရွယ်နဲ့မလိုက်ဖက်အောင်ကို ခြေစွမ်းပြနေတာဖြစ်ပါတယ်။
ကက်စထရိုက "တခါတလေမှာ ရော်နယ်ဒိုက အသက် ၃၈ နှစ်တောင် ဟုတ်ရဲ့လားလို့ ကျနော် အံ့အားသင့်ရတယ်၊ မကြာခင်ဆို သူက ၃၉ ပြည့်တော့မယ်၊ ဒါပေမယ့် သူ့ရဲ့ ပွဲအပေါ်ထားတဲ့ အာရုံစိုက်မှု၊ စိတ်အားထက်သန်မှုကတော့ နည်းနည်းတောင်လျော့ကျမသွားဘူး၊ အရင်လို စိတ်ဓာတ်မျိုး၊ အာရုံစိုက်မှုမျိုးအပြည့်ရှိနေတယ်"
"နေ့တိုင်း သူ လေ့ကျင့်တယ်၊ အမြဲတမ်းလည်း စိတ်ပိုင်းဆိုင်ရာအရ လှုံ့ဆော်တယ်၊ သူ့ပွဲအပေါ် အာရုံအပြည့်ထားတယ်၊ ဒါတွေကို ပွဲတိုင်းမှာ ကျနော်မျက်မြင်တွေ့နေရတာ၊ တနှစ်ကို ဂိုးေါပင်း ၅၀ လောက် သွင်းနေတဲ့ အသက် ၃၈ နှစ်အရွယ် ကစားသမား နောက်ထပ်ရှိရင် ပြပါ၊ မရှိပါဘူး၊ သူ လုပ်နေတာတွေက တကယ့်အံ့မခန်းပဲ" လို့ ပြောဆိုခဲ့ပါတယ်။
လက်ရှိမှာတော့ ရော်နယ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ လေ့ကျင့်မှုတွေပြုလုပ်ပြီး နိုင်ငံတကာပွဲတွေ ကစားဖို့ ပြင်ဆင်နေပါတယ်။