ရီးရဲလ်ဘက်တစ်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ ၄-၁ နဲ့ အနိုင်ရနေချိန် ကွင်းဘေးနားကနေ အဲရစ်တန်ဟက်ဂျ်က သူ့ကစားသမားတွေကို လက် ၃ ချောင်းထောင်ပြကာ ညွှန်ကြားနေခဲ့မှုနဲ့ပတ်သက်ပြီး ပရိသတ်တွေက နောက်ပြောင်မှုတွေလုပ်နေကြပါတယ်။ ဒါဟာ တန်ဟက်ဂျ်က သူ့ကစားသမားတွေကို နောက်ထပ် ၃ ဂိုးထပ်သွင်းခိုင်းနေတာလို့ ပရိသတ်တွေက နောက်ပြောင်ခဲ့ကြတာပါ။
လီဗာပူးလ်ကို ၇ ဂိုးပြတ်နဲ့ အရေးနိမ့်ပြီးနောက် ကစားရတဲ့ ပွဲမှာ ယူနိုက်တက်တို့ ဂိုးပြတ်နိုင်ပွဲနဲ့အတူ ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်၊ အန်တိုနီ၊ ဖာနန်ဒက်စ်နဲ့ ဝက်ဂျ်ဟော့စ်တို့က ဂိုးတွေသွင်းပေးခဲ့ကြပြီး ယူနိုက်တက်ဟာ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ကို ခြေတဖက်လှမ်းနိုင်ခဲ့ပြီလို့တောင် ပြောလို့ရတဲ့ အနေအထားမှာ ရှိသွားခဲ့ပါတယ်။
ပွဲကစားချိန်အတွင်း ၄-၁ ဖြစ်နေချိန်မှာ တန်ဟက်ဂျ်ရဲ့ လက် ၃ ချောင်းထောင်ကာ ညွှန်ကြားခဲ့မှုနဲ့ပတ်သက်ပြီး ပရိသတ်တဦးက "တန်ဟက်ဂျ်က သူ့ကစားသမားတွေကို ငါတို့ ၃ ဂိုး အကြွေးဆပ်ရဦးမယ်လို့ ပြောခဲ့တာပဲ" ၊ နောက်တဦးကလည်း "တန်ဟက်ဂျ်က နောက်ထပ် ၃ ဂိုး သွင်းနိုင်ဦးမလားလို့ သူ့ ကစားသမားတွေကို မေးနေခဲ့တာပဲ" ၊ တတိယမြောက်တဦးကလည်း "၈၅ မိနစ်မှာ နောက်ထပ် ၃ ဂိုးသွင်းပေးဖို့ တန်ဟက်ဂျ်က တောင်းဆိုနေတာပဲ" လို့ ရေးသားပြောဆိုခဲ့ကြောင်း Sportbible က ဖော်ပြခဲ့ပါတယ်။
အမှန်တကယ်ကတော့ တန်ဟက်ဂျ်က သူ့အသင်းသားတွေကို နည်းစနစ်ပိုင်းအရ ညွှန်ကြားခဲ့တာသာဖြစ်ပါတယ်။ ဒါပေမယ့် လီဗာပူးလ်ကို ၇ ဂိုးပြတ်ရှုံးခဲ့တာ၊ ဘက်တစ်ကို ၄ ဂိုးသွင်းထားတာတွေနဲ့ တိုက်ဆိုင်နေခဲ့လို့ အခုလိုနောက်ပြောင်ခဲ့ကြတာပါ။ ယူနိုက်တက်ကတော့ လာမယ့်ပွဲအဖြစ် ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ်ပွဲကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။