ဒီနေ့မနက်ပိုင်းကစားခဲ့တဲ့ ဒဲလက်စ်နဲ့ လိဂ်ဖလားပွဲမှာတော့ လီယိုမက်ဆီဟာ အင်တာမိုင်ယာအတွက် ၄ ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ သူ့အတွက် ၆ ဂီုးမြောက်ဂိုးကို ပွဲအစ ၆ မိနစ်မှာပဲ မက်ဆီက အသင်းဖော်အယ်လ်ဘာရဲ့ ဖန်တီးပေးမှုကနေ ကန်သွင်းခဲ့တာပါ။ ဧရိယာအစပ်ကနေ ခပ်ပြင်းပြင်းကန်သွင်းယူခဲ့ပြီး သူ့ရဲ့ ဂိုးသွင်းခြေစွမ်းပြသမှုကို ရပ်တန့်မရအောင်ဖြစ်နေခဲ့ပါတယ်။
မက်ဆီကတော့ ဒီပွဲအပါအဝင် အတ္တလန္တာ၊ အော်လန်ဒိုတို့နဲ့ပွဲတွေမှာ ပွဲကစားချိန် ၁၀ မိနစ်မပြည့်ခင်ပဲ ဂိုးတွေသွင်းယူနိုင်ခဲ့တာပါ။ ပွဲချိန်အစောပိုင်းမှာ သူ ဂိုးတွေပိုရတယ်ဆိုတဲ့ သဘောပါပဲ။ မက်ဆီရဲ့ ဂိုးနဲ့ ပွဲကို အင်တာမိုင်ယာမီတို့ ဦးဆောင်နေခဲ့ပေမယ့် ဒဲလက်စ်က ပထမပိုင်းမှာပဲ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူခဲ့လို့ ၂-၁ နဲ့ ပြန်ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ချေပဂိုးရဖို့ အင်တာမိုင်ယာမီက အားထည့်လာခဲ့ပေမယ့် ဒဲလက်စ်ရဲ့ ကစားပုံကိုတော့ လိုက်မမီခဲ့တော့ပါဘူး။ ပွဲချိန် ၆၃ မိနစ်မှာတော့ ဒဲလက်စ်က နောက်ထပ်တဂိုးထပ်သွင်းခဲ့လို့ ၃-၁ ဖြစ်သွားခဲ့ပြီး အင်တာမိုင်ယာမီတို့ အရေးနိမ့်ဖို့ကို ကြုံခဲ့ရပါတယ်။ မက်ဆီအတွက်လည်း အင်တာမိုင်ယာမီမှာ ပထမဆုံးအကြိမ် ရှုံးပွဲတွေ့ဖို့ ဦးတည်ခဲ့တာပါ။
အင်တာမိုင်ယာမီတို့ ၆၅ မိနစ်မှာ ချေပဂိုးပြန်သွင်းနိုင်ခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ တဂိုးပြန်ပေးလိုက်ရလို့ တော်တော်အထိနာခဲ့ပါတယ်။ ၃-၂ ဖြစ်ပြီး နောက်ထပ်ချေပဂိုးအတွက် သူတို့ အားတက်ခဲ့ရပေမယ့် ရောဘတ်တေလာဘောလုံးဖျက်ထုတ်မှုက ကိုယ့်ဂိုးကိုယ်သွင်းမိသလိုဖြစ်သွားခဲ့လို့ ၄-၂ ပြန်ဖြစ်သွားပြီး စိတ်ဓာတ်ပါပြန်ကျခဲ့ရပါတော့တယ်။
ပွဲကစားချိန် ၈၁ မိနစ်မှာ အင်တာမိုင်ယာမီတို့ နောက်ထပ်ချေပဂိုးပြန်ရခဲ့ပြန်ပါတယ်။ မက်ဆီရဲ့ အလွတ်တည်ကန်ဘောကန်တင်ပေးမှုကနေ ဒဲလက်စ်ကစားသမားက ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာပါ။ ပွဲက အဲဒီနောက်ပိုုင်းမှာ တော်တော်လေးကို မြိုင်ဆိုင်လာခဲ့ကာ ကြည့်ကောင်းခဲ့ပါတယ်။ သိပ်မကြာခင်ပဲ အင်တာမိုင်ယာမီတို့ ဖရီးကစ်ထပ်ကန်ခွင့်ရခဲ့ပြီး မက်ဆီက ဒီတခါမှာ တိုက်ရိုက်ကန်သွင်းကာ ၄-၄ ဖြစ်စေခဲ့ပါတယ်။ မက်ဆီကတော့ အသင်းကို ပွဲချိန် ၈၅ မိနစ်မှာ ကယ်တင်ပေးခဲ့တာပါ။ ဒီဂိုးကြောင့်ပဲ ပင်နယ်တီအဆုံးအဖြတ်ခံယူဖို့အတွက် အခွင့်အရေးရခဲ့တာပါ။
ပင်နယ်တီအဆုံးအဖြတ်မှာတော့ အင်တာမိုင်ယာမီတို့ ဂိုးတိုင်းဝင်အောင် ကန်နိုင်ခဲ့ပြီး ဒဲလက်စ်ဘက်က တကြိမ်လွဲချော်ခဲ့တာကြောင့် မက်ဆီတို့ အနိုင်ရကာ နောက်တဆင့်ကို တက်သွားခဲ့ပါတယ်။ ဒီနိုင်ပွဲကတော့ မက်ဆီရဲ့ လှပတဲ့ အလွတ်တည်ကန်ချက်ကြောင့် ရခဲ့တာလို့ ပြောရတော့မှာပါပဲ။