မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ဟာ လတ်တလော ကိုယ်အလေးချိန် ၄၄ ပေါင်အထိ လျော့ကျသွားခဲ့ပေမဲ့ ကျန်းမာရေးကောင်းမွန်နေပြီး စီးပွားရေးပြဿနာ ဆိုးရွားလာမှုကို ရင်ဆိုင်ဖြေရှင်းရာမှာ ၎င်းအပေါ် အများပြည်သူ သစ္စာခံမှု ပိုမိုတိုးမြင့်လာစေရန် ကြိုးပမ်းနေကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက လွှတ်တော်အမတ်တွေကို ယမန်နေ့ (အောက်တိုဘာ ၂၈ ရက်) မှာ ပြောပါတယ်။
တောင်ကိုရီးယားထောက်လှမ်းရေး NIS (National Intgelligenvce Service) က ယမန်နေ့မှာ လွှတ်တော်သို့ တံခါးပိတ် အစီရင်ခံတင်ပြမှု ပြုလုပ်ခဲ့ရာ ကင်မ်ဂျုံအန်ရဲ့အခြေအနေကို သိရှိနိုင်ရန် အလွန်ကြည်လင်ပြတ်သားတဲ့ ၎င်းရဲ့ဗီဒီယိုကို AI (artificial intelligenve) နည်းပညာများ အသုံးပြု ဆန်းစစစ်လေ့လာခြင်းနဲ့ အခြား နည်းစနစ်များဖြင့် ဆောင်ရွက်ခဲ့တယ်လို့ပြောကြောင်း လွှတ်တော်အမတ်နှစ်ဦးက ဖွင့်ဟခဲ့ပါတယ်။
(၄၄ ပေါင်ကျသွားသည့် ကင်မ်ဂျုံအန်) (Image: ABC News)
အသက် ၃၇ နှစ်အရွယ် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ဟာ အစိုးရမီဒီယာက ဖော်ပြခဲ့တဲ့ သတင်းဓာတ်ပုံတွေအရ လတ်တလော လပိုင်းအတွင်း သိသိသာသာ ပိန်သွားခဲ့ရာ ၎င်းရဲ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး ခန့်မှန်းပြောဆိုမှုတွေရှိလာခဲ့ပါတယ်။ ကင်မ်ဂျုံအန်ဟာ ၎င်းနေရာကို ဆက်ခံမယ့်သူကို လူသိရှင်ကြား ထုတ်ဖော်ကြေညာထားခြင်းမရှိဘဲ ၎င်းအနေနဲ့ ရုတ်တရက် အုပ်ချုပ်နိုင်စွမ်းမရှိဖြစ်လာခဲ့ပါက နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားနိုင်ငံမှာ ကသောင်းကနင်း အခြေအနေဖြစ်လာနိုင်ကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။
ကင်မ်ဂျုံအန် ပိုမိုပိန်သွယ်သွားတဲ့ ပုံစံကို ဓာတ်ပုံတွေမှာ မြင်တွေ့လာရပေမဲ့ ကျန်းမာရေးပြဿနာရှိပုံမရကြောင်းနဲ့ ကိုယ်အလေးချိန်လျော့ကျသွားခြင်းဟာ ၎င်းရဲ့ခန္ဓာကိုယ်ကို ပိုမိုကျစ်လစ်စေရန် အားထုတ်လုပ်ဆောင်မှုကြောင့် ဖြစ်နိုင်တယ်လို့ မြောက်ကိုရီးယားကို ကာလရှည်ကြာ လေ့လာသူတွေက ပြောပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ပတ်သက်ပြီး အတည်မပြုနိုင်တဲ့ ကောလာဟလတွေကတော့ ဆက်လက် ထွက်ပေါ်နေခဲ့ပြီး ကောလာဟလတစ်ခုအရ အများပြည်သူမြင်ကွင်းမှာ တွေ့မြင်နေရသူဟာ ကင်မ်ဂျုံအန်မဟုတ်ဘဲ ၎င်းနဲ့ ပုံစံတူသူတစ်ဦးသာ ဖြစ်တယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယား NIS ကတော့ ထိုသတင်းကို အခြေအမြစ်မရှိကြောင်းဖြင့် ပယ်ချခဲ့တယ်လို့ လွှတ်တော်အမတ် Kim Byung-kee က ပြောပါတယ်။
(တရုတ်နဲ့မြောက်ကိုရီးယား ချစ်ကြည်ရေးတံတား) (Photo: AP)
NIS ရဲ့ အဆိုအရ ကင်မ်ဂျုံအန်ဟာ ယခင် ကိုယ်အလေးချိန် ၃၀၈ ပေါင်ကနေ ၂၆၄ ပေါင်သို့ လျော့ကျသွားခဲ့ကြောင်း သိရပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ အရပ်အမြင့်ဟာ ၅ ပေ ၈ လက်မခန့်ဖြစ်ကြောင်း NIS က ယခင် ပြောထားခဲ့ပါတယ်။ ယခုနှစ်အတွင်း ကင်မ်ဂျုံအန်ကို အများပြည်သူမြင်ကွင်းမှာ လက်ရှိအချိန်အထိ ရက် ၇၀ တွေ့ခဲ့ရပြီး ပြီးခဲ့တဲ့နှစ် အလားတူ ကာလကထက် ၄၅ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာခဲ့တယ်လို့လည်း ဆိုပါတယ်။
မြောက်ကိုရီးယားဟာ ကမ္ဘာတစ်ဝန်း COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့ချိန်မှစပြီး ၎င်းရဲ့နယ်စပ်တွေကို တင်းကျပ်စွာ ပိတ်ပင်ထားခဲ့ပြီး လက်ရှိအချိန် နိုင်ငံအတွင်း ကူးစက်မှုတွေ့ရကြောင်း ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ယခင်ကတည်းက သီးခြားရပ်တည်နေခဲ့တဲ့ အထီးကျန်နိုင်ငံဖြစ်တဲ့ မြောက်ကိုရီးယားဟာ ကပ်ရောဂါဂယက်ကြောင့် စီးပွားရေးဆိုးရွားမှုနဲ့ စားနပ်ရိက္ခာပြတ်လပ်မှုတွေကို ရင်ဆိုင်နေရပါတယ်။ သီးခြားသတင်းတစ်ရပ်မှာ ဖော်ပြမှုအရ တရုတ်နိုင်ငံနဲ့နယ်စပ်ကို ပြန်မဖွင့်မီ လာမယ့် ၂၀၂၅ ခုနှစ်အထိ စားနပ်ရိက္ခာပြတ်လပ်မှု ဖြစ်နေနိုင်ကြောင်း မြောက်ကိုရီးယားအစိုးရက နိုင်ငံသားတွေကို ပြောထားကြောင်း သိရပါတယ်။