ဒီကစားသမားအတွက် ကလပ်နှစ်သင်းကြား သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး ကစားသမားရဲ့အေးဂျင့်နဲ့ ဆွေးနွေးဖို့သာ ကျန်ရှိတော့တာပါ။

အာဆင်နယ်ဟာ အသက် (၂၁) နှစ်အရွယ် တိုက်စစ်မှူး ဒူဆန်ဗလာဟိုဗစ်ကို ခေါ်ယူဖို့ ကစားသမားရဲ့ မိခင်ကလပ် ဖီအိုရင်တီးနားနဲ့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။ ဒီကစားသမားလေးဟာ (၂၀၂၃) ဇွန်မှာ ဖီအိုရင်တီးနားနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပေမယ့် အာဆင်နယ်ကတော့ လာမယ့်ဆောင်းရာသီမှာတင် တတ်နိုင်သမျှ စောစီးစွာ ခေါ်ယူဖို့ မျှော်လင့်ထားတာပါ။



ကစားသမားအတွက် စုစုပေါင်း ကုန်ကျစရိတ်က ယူရိုသန်း (၈၀) အထိရှိနိုင်ပြီး အာဆင်နယ်ကတော့ အပိုဆုကြေးတွေ ပေါင်းစပ်ကာ ဒီပမာဏကို ပြည့်မှီအောင် ပေးချေဖို့ ပြင်ဆင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း လက်ရှိအချိန်မှာတော့ နှစ်သင်းကြား သဘောတူညီမှုရရှိခဲ့ပြီး ကစားသမားရဲ့ အေးဂျင့်နဲ့ ဆွေးနွေးဖို့သာ ကျန်ရှိတော့တာပါ။

ဒီကစားသမားကိုခေါ်ယူဖို့ အာဆင်နယ်ရဲ့ ခါးသီးပြိုင်ဘက် စပါးကလည်း စောင့်ကြည့်ခဲ့ပေမယ့် အာဆင်နယ်တို့ စောစောစီးစီးပဲ လက်ဦးမှုရယူနိုင်ခဲ့ပါတယ်။ ဗလာဟိုဗစ်ဟာ ပြီးခဲ့တဲ့နွေရာသီ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ (၄၅) မိနစ်အတွင်း (၇) ဂိုးသွင်းနိုင်တဲ့အထိ ခြေစွမ်းပြခဲ့ပြီး မီဒီယာတွေရဲ့အာရုံစိုက်မှုကို ရရှိနေခဲ့တာပါ။

ဖီအိုရင်တီးနားက အပျော်တမ်းကလပ် ဖိုလစ်ဂ်နိုကို ၁၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဗလာဟိုဗစ်က အခုလိုမျိုး ခြေစွမ်းပြ ဂိုးတွေသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အရပ် (၆) ပေ၊ (၃) လက်မရှိတဲ့ အဆိုပါ ဆာဘီးယားလူမျိုးတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက စီးရီးအေ (၃၇) ပွဲကစား၊ (၂၁) ဂိုးသွင်းယူနိုင်ခဲ့ပြီး လက်ရှိဘောလုံးရာသီမှာလည်း ပြိုင်ပွဲစုံ (၁၂) ပွဲကစား၊ (၁၀) ဂိုးသွင်းယူထားနိုင်ပါတယ်။

အာဆင်နယ်ဟာ လာကာဇက်၊ အူဘာမီးယန်းတို့အကျပိုင်းရောက်လာတဲ့ တိုက်စစ်ပိုင်းအတွက် သွေးသစ်လောင်းဖို့ ပြင်ဆင်နေပြီး ဝက်ကင်းစ်၊ ကဲလ်ဗတ်လီဝင်တို့နဲ့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အခုလိုမျိုး မထင်မှတ်ဘဲ ဗလာဟိုဗစ်အတွက် ဖီအိုရင်တီးနားနဲ့ သဘောတူညီမှုရယူခဲ့တာဖြစ်ပါတယ်။  


ဆက်စပ်အကြောင်းအရာများ

Share

က္က