လစ္စဘွန်းက ပေါ်တူဂီသတင်းထောက် Pedromesepulveda ရဲ့ ထုတ်ဖော်ပြောဆိုမှုအရ ဘင်ဖီကာအသင်းဟာ သူတို့တိုက်စစ်မှူးဒါဝင်နူနက်ဇ်အတွက် မျှော်မှန်းထားတဲ့ ပြောင်းရွှေ့ကြေးထက် ၂ ဆအထိ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါဝင်နူနက်ဇ်အတွက် ဘင်ဖီကာက ယူရို သန်း ၄၀ ကနေ ၄၅ သန်းအတွင်းသာ ရရှိမယ်လို့ မျှော်လင်ခဲ့တာဖြစ်ပြီး တကယ်တမ်းမှာတော့ ယူရိုသန်း ၁၀၀နဲ့ ရောင်းထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။
အတည်မပြုနိုင်သေးတဲ့ သတင်းဖော်ပြချက်တွေအရ ဘင်ဖီကာအသင်းဥက္ကဌရူအီကော်စတာဟာ ဒါဝင်နူနက်ဇ်ရဲ့ အပြောင်းအရွှေ့ဖြစ်မြောက်ချိန်မှာ ရှန်ပိန်ပုလင်းဖွင့်ဖောက်ပြီးတော့ အောင်ပွဲခံခဲ့တယ်လို့ ဆိုပါတယ်။ ပါးစပ်သတင်းတွေကတဆင့် ထုတ်ဖော်ပြောဆိုမှုတွေအရ ရူအီကော်စတာက အခုလိုမျိုး ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။
"လီဗာပူးလ်က သူ့ကိုစိတ်ဝင်စားနေတယ်လို့ ကျနော်တို့ ကြားချိန်မှာ ယူရို သန်း ၄၀ - ၄၅ သန်းလောက်ရမယ်လို့ မျှော်လင့်ခဲ့တာပါ၊ နှစ်ရက်လောက်ကြာတော့ သူ့အတွက် ဖက်စ်ကတဆင့် ယူရိုသန်း ၈၀နဲ့ အပိုဆုကြေးပေးမယ်လို့ လီဗာပူးလ်က ကမ်းလှမ်းစာရောက်လာတယ်၊ တခန်းလုံးပတ်တုပ်လို့မရအောင် ရယ်ကြတော့တာပဲ၊ ကျနော့် လက်ထောက်ကို အပိုဆုကြေးတွေအပါ ယူရိုသန်း ၁၀၀ ရရင် ရောင်းမယ်လို့ ဖက်စ်ပြန်ပို့ဖို့ ကျနော်ပြောလိုက်တယ်"
"နောက်တနေ့မနက်ကျတော့ စုစုပေါင်း ယူရိုသန်း ၁၀၀ တန်တဲ့ ကမ်းလှမ်းမှုက ရောက်လာတော့တာပဲ၊ ကမ္ဘာကြီးက ရူးသွပ်နေပြီလားမသိဘူး၊ ကျနော်တို့ လူငယ်အသင်းမှာ တိုက်စစ်မှူးကောင်းတွေရှိနေပါတယ်၊ ကျနော့်လက်ထောက်ကို ရှန်ပိန်ပုလင်းဖွင့်ခိုင်း လိုက်တယ်၊ ထီပေါက်သလိုကို ကျနော် ခံစားနေရတယ်" လို့ ရူအီကော်စတာက ပြောဆိုခဲ့ကြောင်း ဆိုပါတယ်။
လက်ရှိမှာတော့ ဒါဝင်နူနက်ဇ်က အသင်းသစ်လီဗာပူးလ်နဲ့အတူ ရာသီကြိုခြေစမ်းပွဲတွေကို ကစားနေပြီဖြစ်ပါတယ်။ အဆိုပါပွဲတွေမှာ သူ့ရဲ့ အံအ့ားသင့်ဖွယ်လွဲချော်မှုတွေကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ရင်ဆိုင်နေရပြီး ဖိအားတွေအောက်ရောက်နေကာ ယာဂင်ကလော့ပ်နဲ့ အသင်းဖော်တွေက သူ့ကို ကာကွယ်ပေးနေရပါတယ်။