မန်စီးတီးတို့ ဂိုးရဖို့ကို တော်တော်လေးအားထုတ်ခဲ့ရတာပါ။

မန်စီးတီးကို ၁-၀ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ အက်သလက်တီကိုမက်ဒရစ်နည်းပြဆီမြွန်နီက ၅-၅-၀ ကစားကွက်နဲ့ ၁၀-၀-၀ ကစားကွက်တွေကို အသုံးပြုပြီး ဂွာဒီယိုလာကို ရင်ဆိုင်သွားခဲ့တယ်လို့ ပရိသတ်တွေက ပြောဆိုနေကြပါတယ်။ အဆိုပါပွဲမှာ ဂိုးပေါက်တည့်ကန်ချက်တကြိမ်မှတောင်မရှိခဲ့တဲ့အထိ အက်သလက်တီကိုက ခံစစ်ကိုအားပြုကစားခဲ့တာလည်းဖြစ်ပါတယ်။ 

ဒီအတွက်ကြောင့် မန်စီးတီးတို့လည်း ဂိုးရဖို့ခက်ခဲနေခဲ့ပြီး ၆၈ မိနစ်မှာမှ လူစားဝင်လာတဲ့ ဖိုဒန်က ၂ မိနစ်အကြာမှာပဲ ဒီဘရိုင်းဂိုးသွင်းနိုင်အောင် ဖန်တီးပေးခဲ့လို့ အဆိုပါဂိုးတဂိုးတည်းန​ဲ့ မန်စီးတီးတို့ အနိုင်ရရှိခဲ့ပါတယ်။ ဂွာဒီယိုလာဟာ မန်စီးတီးကို ဘောလုံးပိုင်ဆိုင်မှု သိသိသာသာပေးခဲ့ပြီး ပြိုင်ဘက်အသင်းဘောလုံးရချိန်တိုင်းမှာ ၅-၅-၀ ကစားကွက်ကို အသုံးပြုခဲ့တယ်လို့ ပရိသတ်တွေက ဓာတ်ပုံတွေနဲ့ ထောက်ပြခဲ့ပါတယ်။

ဒါ့အပြင် မန်စီးတီးက တိုက်စစ်ဆင်လာချိန်မှာလည်း ဧရိယာအတွင်းမှာ အေတီကိုကစားသမား ၁၁ ဦးလုံး ဝင်ရောက်ပိတ်ဆို့ကာ ခုခံခဲ့ကြလို့လည်း ၁၀-၀-၀ ကစားကွက်လည်း အသုံးပြုတယ်လို့ ပြောဆိုခဲ့ကြတာပါ။ ဒုတိယအကျော့အိမ်ကွင်းပွဲကစားရဖို့ရှိလို့ အဝေးကွင်းမှာ တတ်နိုင်သမျှ ဂိုးမပေးရအောင် ဆီမြွန်နီက ခံစစ်ကို အလွန်အကျွံကစားခဲ့ပြိး ရင်ဆိုင်ခဲ့တယ်လို့ ယူဆရပါတယ်။ 

ပထမပိုင်းမှာ ဒီကစားဟန်က အလုပ်ဖြစ်ခဲ့ပြီး မန်စီးတီးတို့ တော်တော်လေးကို အခက်တွေ့ခဲ့ရပါတယ်။ ဒုတိယပိုင်းပြန်စချိန်ကစပြီး အေတီကိုခံစစ်ကို ဖြိုခွဲဖို့ မန်စီးတီးက တော်တော်လေးအားထုတ်ခဲ့ပြီး အဆုံးသတ်မှာတော့ ဒီဘရိုင်းဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဆီမြွန်နီဟာ ခံစစ်ကိုအလွန်အားကိုးတဲ့နည်းပြလို့ နာမည်ကြီးနေသူဖြစ်ပြီး အသင်းကြီးတွေနဲ့ ရင်ဆိုင်ရတိုင်းမှာ ခံစစ်လုံအောင်ကစားပြီးမှ တိုက်စစ်ကို ကစားလေ့ရှိတာဖြစ်ပါတယ်။ 

Share

က္က