မြောက်ဒဂုံ စုပေါင်းရုံးလမ်းထဲက အဝစား ၅၀၀ NTR ဇလုံထမင်းဆိုင်လေးကနေ အစပြုခဲ့ရာကနေ အခုတော့ ၅၀၀ တန် ဈေးတန်းကြီးဖြစ်လာခဲ့ပါပြီ။ ဒီ ၅၀၀ တန် ဈေးတန်းထဲမှာ အနည်းဆုံးငွေကျပ် ၅၀ ကနေ အများဆုံး ငွေကျပ် ၅၀၀ အထိ သာ ရောင်းချပေးနေတာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ Duwun က မြောက်ဒဂုံ ၅၀၀ တန် ဈေးတန်းထဲမှာ အနည်းဆုံး ၅၀ ကျပ်ကနေ အများဆုံး ၅၀၀ ကျပ်အထိပဲကျသင့်ပြီး ဈေးလည်းတန် လူတိုင်းလည်းစားနိုင်တဲ့ အစားအသောက်လေးတွေကို ပြောပြပေးသွားမှာပါ။
NTR ဇလုံထမင်း
ဒီမြောက်ဒဂုံ ၅၀၀ တန် ဈေးတန်းအကြောင်းပြောမယ်ဆိုရင် NTR ဇလုံထမင်းကတော့ မပါမဖြစ်ပါပဲ။ ဒီ ၅၀၀ တန် ဈေးတန်းလေးကို NTR ဇလုံထမင်းဆိုင်ပိုင်ရှင် ကိုနေသူရိန်က စတင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကာလမှာ အခြေခံလူတန်းစားတွေ ထမင်းတစ်နပ်စာ အဆင်ပြေစေဖို့ ၅၀၀ တန် ဇလုံထမင်းဆိုင်လေး စတင်ရာကနေ ဒီ ၅၀၀ တန်ဈေးတန်းလေးဖြစ်လာခဲ့တာပါ။ ကိုနေသူရိန်က မြောက်ဒဂုံ စုပေါင်းရုံးလမ်းထဲက ဇလုံထမင်းဆိုင်လေးကို ထပ်မံတိုးချဲ့ပြီး ဈေးရုံလေးတစ်ခု အဖြစ် ဖန်တီးခဲ့ပါတယ်။ NTR ဇလုံထမင်းကတော့ ထမင်းနဲ့ အသားဟင်းတစ်မျိုးမျိုး၊ ငပိနဲ့ တို့စရာ၊ အရည်သောက်နဲ့ကိုမှ တစ်ပွဲမှ ၅၀၀ ကျပ်ပဲ ကျသင့်ပါတယ်။ လာစားတဲ့သူတွေကိုလည်း ၅၀၀ ကျပ် မပေးမနေရမဟုတ်ဘဲ အဆင်ပြေမှသာ အလှူငွေအဖြစ် ထည့်သွားနိုင်တယ်လို့ဆိုပါတယ်။
၅၀၀ တန်ထမင်းပေါင်း
အသီးအရွက်စုံကို ကော်ရည် ရွှဲ ရွှဲနဲ့ ချက်ထားတဲ့ ထမင်းပေါင်း တစ်ပွဲကို ၅၀၀ ကျပ်နဲ့သာ ရောင်းချပေးနေပါတယ်။ အသီးအရွက်စုံထမင်းပေါင်းကို မှ ကြက်သား သို့မဟုတ် ဝက်သား တစ်မျိုးမျိုးထပ်ထည့်ပေးပါတယ်။ ပုံမှန်အပြင်ဆိုင်ကြီးတွေမှာဆို တစ်ပွဲကို အနည်းဆုံး ၂၅၀၀ လောက်အထိ ကျသင့်တဲ့ ထမင်းပေါင်းကို ဒီမြောက်ဒဂုံဈေးတန်းမှာတော့ ၅၀၀ ကျပ်နဲ့ပဲ ေရာင်းချပေးနေတာပါ။ ဆိုင်နာမည်ကတော့ သပြေလို့ ခေါ်ပြီး ဒီဆိုင်မှာ ထမင်းပေါင်းအပြင် ပဲကြာဇံသုပ်၊ အသုပ်စုံ၊ ငပိကြော်၊ ငါးခြောက်ကြော်၊ ချဥ်ပေါင်ကြော် တွေလည်း ရနိုင်ပြီး တစ်ပွဲကိုမှ ၅၀၀ ကျပ်နဲ့သာ ရောင်းချပေးနေတာပါ။ “ ဒီနေရာလေးမှာ ရောင်းတာက ရောင်းလဲရောင်း လှူလဲလှူ သဘောမျိုးပေါ့။ လာစားတဲ့သူတွေကိုကြည့်ပြီးတော့ ပီတိဖြစ်ပါတယ်။ တစ်ပွဲကို ၅၀၀ ဆိုတော့ လူတိုင်းစားနိုင်တယ်လေ။ ထမင်းပေါင်းက ဆိုင်ကြီးတွေမှာ သွားစားမယ်ဆို တစ်ပွဲကို ၂၅၀၀ လောက်ထိ ကျမှာလေ။ ကိုယ်က ၅၀၀ နဲ့ ဆိုင်ကြီးတွေအတိုင်း ရောင်းချပေးနေတာပါ” လို့ သပြေဆိုင်မှသန္တာက ပြောပါတယ်။
၅၀၀ တန်ကြာဇံချက်နဲ့ အာလူးထမင်း၊ ငါးထမင်း
အာလူးထမင်း၊ ငါးထမင်းနဲ့ ကြာဇံချက် တို့ကို တစ်ပွဲ ၅၀၀ကျပ်နဲ့ ရောင်းပေးနေတဲ့ Family ဆိုတဲ့ ဆိုင်လေးဖြစ်ပါတယ်။ Family ဆိုတဲ့ နာမည်အတိုင်း မိသားစုတွေ စုပေါင်းရောင်းတဲ့ဆိုင်လေးဖြစ်ပါတယ်။ ဒီဆိုင်လေးမှာ ရှောက်သီးသုပ်၊ ပြောင်းဖူးလက်ဖက်သုပ်၊ ရခိုင်သေင်္ဘာသီးသုပ်တို့လည်း ရနိုင်ပါတယ်။
“ ဘာယူယူ ၅၀၀ မကျော်တဲ့ စိတ်ကူးလေးက ကောင်းလို့ လာရောင်းဖြစ်တာပါ။ မိသားစုတွေ စုစုစည်းစည်းနဲ့ လာရောင်းတာပါ။ တစ်ခါမှ ဈေးမရောင်းဖူးပါဘူး။ ဒါပထမဆုံးဈေးရောင်းဖူးတာပါ။ ပျော်လဲပျော်တယ်။ ဝမ်းသာပီတိလည်းဖြစ်ပါတယ်။ ဈေးလည်း ရောင်းကောင်းပါတယ်” လို့ Family ဆိုင်က ဆိုပါတယ်။
၅၀၀ တန်ထမင်းလိပ်
ကိုးရီးယားထမင်းလိပ်တစ်ပွဲကို မြောက်ဒဂုံဈေးတန်းမှာ တစ်ပွဲ ၅၀၀ နဲ့ ေရာင်းပေးနေတာပါ။ ထမင်းလိပ် ၅ လိပ်ကို မရောနိစ် များများလေး ဆမ်းထားတဲ့ ထမင်းလိပ်ကိုမှ တစ်ပွဲ ၅၀၀ ကျပ်တည်း ဖြစ်ပါတယ်။ထမင်းလိပ်အပြင် အသားပေါင်းလည်း ရပါတယ်။
“ စနေ၊တနင်္ဂနွေဆို ပိုရောင်းရပါတယ်။ ဒီမှာကျတော့ ၅၀၀ ထက်လည်း ပိုရောင်းမရတော့ ၅၀၀ နဲ့ကိုပဲ စားသုံးသူလည်းအဆင်ပြေ ရောင်းတဲ့သူလည်း အဆင်ပြေတဲ့ပုံစံလေးနဲ့ ရောင်းပေးနေတာပါ။ဒီမှာက အပြင်မှာ ရောင်းတာထက် ပိုရောင်းရပါတယ်” လို့ ထမင်းလိပ်ဆိုင်ရှင်က ဆိုပါတယ်။
၁၀၀ တန်အအေးမျိုးစုံ
အအေးမျိုးစုံကိုမှ ၁၀၀ တန်နဲ့ ေရာင်းပေးနေတာက တန်တာထက်ကို ပိုနေပြီလို့ပြောရမှာပါ။ ဒီအအေးဆိုင်လေးမှာ သဘာဝဖရဲသီး ဖျော်ရည်၊မန်ကျည်းဖျော်ရည်၊ ကျောက်ကျော ဖျော်ရည်၊ ပင်မှန်ဖျော်ရည် စတဲ့ ဖျော်ရည်တွေ ရနိုင်ပါတယ်။ ဈေးနှုန်းကတော့ ခွက်ကြီးကို ၂၀၀၊ ခွက်သေးကို ၁၀၀ ကျပ်နဲ့ ရောင်းပေးနေတာပါ။
“ အရင်က စက်ရုံမှာ ရောင်းတာ ဒီမှာ လာရောင်းကြည့်တော့ ရောင်းကောင်းတော့ ဆက်ရောင်းဖြစ်တာပါ။ သဘာဝထွက် အသီးအနှံတွေကိုပဲ ဖျော်ပြီး ရောင်းတာပါ။ စားသုံးသူတွေလည်း ကျန်းမာေရးနဲ့ ညီညွှတ်အောင် ဈေးလည်း သက်သက်သာသာနဲ့ ရောင်းပေးနေတာပါ။ အစ်မတို့က တစ်နေ့ဈေးဖိုးစာလေး ရရင်ကို ကျေနပ်ပါပြီ” လို့ အအေးဆိုင်မှ ဒေါ်ခင်သန္တာအောင်က ဆိုပါတယ်။
၅၀ တန် ဝက်သားတုတ်ထိုး
ဝက်သားတုတ်ထိုး တစ်ချောင်းကို မှ ၅၀၊ ၁၀၀ ကျပ်နဲ့ ရောင်းပေးနေတာဖြစ်ပါတယ်။ ဒီနေရာလေးမှာ ဇလုံထမင်းအပြင် အခြားအစားအသောက်တွေကိုလည်း ဈေးတန်တန်လေးနဲ့ လာစားနိုင်ဖို့ အတွက် ဝက်သားတုတ်ထိုးကိုလည်း လူအများစားနိုင်အောင် ရောင်းချပေးနေတာဖြစ်ပါတယ်။ “ဒီနေရာလေးက လူတိုင်းသက်သာချောင်ချိရေးအတွက် ကျွန်တော်တို့ ဝက်သားတုတ်ထိုးဆိုင်လေးအပြင် အစားအသောက်ဆိုင်လေးတွေ အများကြီး ရှိတာမို့ လာရောက်အားပေးနိုင်ပါတယ်လို့ လုပ်သားပြည်သူတွေကို ဖိတ်ခေါ်ပါတယ်” လို့ ဝက်သားတုတ်ထိုးဆိုင်ရှင် အဘိုးက ဆိုပါတယ်။