ZTE ရဲ့ ဒီဇိုင်းလှပပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ တန်ဖိုးသင့်ဖုန်းတစ်မျိုးကို မက္ကဆီကိုဈေးကွက်မှာ မိတ်ဆက်လာပါတယ်။
ZTE Axon 40 SE ဟာ မှန်ပြင်အလယ်အပေါ်ပေါက် Punch-Hole ကင်မရာဒီဇိုင်းသုံး Bezels ပါး ဖုန်းတစ်လုံးဖြစ်ပြီး ကျောဘက်မှာ ကင်မရာကွင်းနှစ်ခု သုံးထားပါတယ်။ ကျောဘက်ကင်မရာကွင်းနှစ်ခုထဲမှာ ပထမတစ်ခုဟာ အဓိက Main Camera ဖြစ်ပြီး ဒုတိယတစ်ခုက အရန်ကင်မရာနှစ်လုံးနဲ့ LED Flash တစ်ခုတို့ ပါရှိပါတယ်။ ZTE Axon 40 SE ဟာ ဘေးဘောင်တပ် လက်ဗွေဖတ်စနစ် သုံးထားပြီး AMOLED Display ၊ Unisoc Chip ၊ 50MP Triple Cameras တို့ ပါဝင်ပါတယ်။
ဒီဖုန်းရဲ့ ကျောဘက်ကာဗာဟာ ထောင်လိုက်နှစ်ခြမ်း Dual Textured ပုံစံနဲ့လာပြီး မျက်နှာပြင်ဆိုဒ် ၆.၆၇ လက်မ FHD+ AMOLED Display သုံးထားပါတယ်။ မှန်ပြင်နေရာယူမှု ၉၃.၈% ရှိပြီး ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 12 OS စနစ်နဲ့ လာပါတယ်။ ZTE Axon 40 SE ဟာ Unisoc T618 Chip နဲ့ မောင်းနှင်ထားပြီး RAM 4GB / Internal Storage 128GB ပါရှိပါတယ်။ Virtual RAM 2GB တင်နိုင်ပါတယ်။
ရှေ့ဘက်မှာ 8MP Selfie ကင်မရာတပ်ဆင်ထားပြီး ကျောဘက်မှာ 50MP f/1.8 Main Camera ၊ 5MP Macro Lens နဲ့ 2MP Depth Sensor တို့ ထည့်သွင်းထားပါတယ်။ ZTE Axon 40 SE ဟာ ဘက်ထရီပါဝါ 4500 mAh အား သုံးထားပြီး 22.5W Fast Charging ပံ့ပိုးထားပါတယ်။ ဘေးဘောင်လက်ဗွေဖတ်စနစ်အပြင် Axon 40 SE ဟာ မျက်နှာပြင်ဖတ်လုံခြုံရေးနည်းပညာ အသုံးပြုထားပါတယ်။ ဆက်သွယ်ရေးနည်းပညာအဖြစ် Dual SIM ၊ 4G VoLTE ၊ WiFi 802.11ac ၊ Bluetooth 5.1 ၊ GPS ၊ USB-C Port နဲ့ 3.5mm Audio Jack တို့လည်း ထည့်သွင်းထားပါတယ်။
ZTE Axon 40 SE ကို အနက်နဲ့ အပြာ နှစ်ရောင်နဲ့လာပြီး မက္ကဆီကန်ပီဆို ၅၉၉၉ (မြန်မာငွေ ၆ သိန်းကျော်) ဈေးနဲ့ ရောင်းချနေပါတယ်။