BMW လို့ကြားလိုက်တာနဲ့ အရည်အသွေးမြင့်မားပြီး ခေတ်မီသားနားတဲ့ ကားတွေကို အားလုံးပဲပြေးမြင်မိကြမှာပါ။ BMW ကားတွေနဲ့ BMW ကားကုမ္ပဏီကပဲပိုင်ဆိုင်တဲ့ Roll Royce နဲ့ Mini အမှတ်တံဆိပ်ကားတွေကို မြန်မာနိုင်ငံမှာရော၊ ကမ္ဘာတဝန်းမှာပါ အမြတ်တနိုးနဲ့ တန်ဖိုးထား ဝယ်ယူစီးနင်းနေကြတာလည်း အားလုံးအသိပါပဲ။ BMW လို့ အတိုကောက်သိထားကြတဲ့ Bayerische Motoren Werke AG ကုမ္ပဏီကို လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ ခန့်၊ ၁၉၁၆ ခုနှစ်တုန်းက ဂျာမနီနိုင်ငံမှာ စတင်တည်ထောင်ခဲ့တာပါ။ BMW ကုမ္ပဏီဟာ ကမ္ဘာကျော်ကားအမှတ်တံဆိပ် တွေဖြစ်တဲ့ Roll Royce နဲ့ Mini တို့ရဲ့ မိခင်ကုမ္ပဏီလည်းဖြစ်ပါတယ်။ ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ ရုံးစိုက်တဲ့ BMW ကုမ္ပဏီဟာ လက်ရှိကမ္ဘာ့ရောင်းအားအကောင်းဆုံး ဇိမ်ခံယာဉ်ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခု အဖြစ်လည်း ရပ်တည်လျှက်ရှိပါတယ်။
BMW ဟာ အစပိုင်းမှာ လေယာဉ်အင်ဂျင်တွေကို အဓိကထုတ်လုပ်ခဲ့ပြီး ပထမကမ္ဘာစစ်အပြီးမှာ လေယာဉ်အင်ဂျင် ထုတ်လုပ်မှု ဆိုင်းငံ့ခံထားရတဲ့အချိန်မှာ မော်တော်ဆိုင်ကယ်တွေထုတ်လုပ်လာခဲ့ပြီး နောက်ပိုင်းမှာတော့ ကားတွေပါ ထုတ်လုပ်လာခဲ့ပါတယ်။ BMW ဟာ ၁၉၃၇ ခုနှစ်တုန်းက ကမ္ဘာ့အမြန်ဆုံးမော်တော်ဆိုင်ကယ်ကိုလည်း တည်ဆောက်ခဲ့ပါသေးတယ်။ အဲဒီဆိုင်ကယ်ဟာ တစ်နာရီကို ၂၇၈ ကီလိုမီတာ အမြန်နှုန်းနဲ့မောင်းနှင်နိုင်ခဲ့ပြီး အဲဒီခေတ်က ကမ္ဘာ့အမြန်ဆုံး မော်တော်ဆိုင်ကယ်အဖြစ် စံချိန်တင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် BMW ဟာ လျှပ်စစ်ကားကို ၁၉၇၂ ခုနှစ်ကတည်းက စမ်းသပ်ထုတ်လုပ်ခဲ့တာပါ။ ဘက်ထရီနည်းပညာပိုင်း အားနည်းချက်တွေကြောင့် ဈေးကွက်ထဲတင်သွင်းရောင်းချတဲ့အဆင့်ထိ မရောက်ခဲ့ပေမဲ့ အဲဒီလို စမ်းသပ်ထုတ်လုပ်ခဲ့မှုက BMW ဟာ အသစ်တီထွင်စမ်းသပ်မှုတွေလုပ်ဖို့ ဘယ်လောက်ထိ စိတ်အားထက်သန်တယ်ဆိုတာကို ပြနေခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်၊ ဇွန်လတုန်းက BMW ကို ကမ္ဘာ့နာမည်ကောင်းအရဆုံး ကုမ္ပဏီအဖြစ် Forbes မဂ္ဂဇင်းကြီးက ရွေးချယ်ခဲ့ ပါတယ်။ လူတွေရဲ့လိုချင်မှု၊ ထောက်ခံမှု၊ အလုပ်ဝင်ရောက်လုပ်ကိုင်လိုမှု စတဲ့အချက်တွေပေါ်မူတည်ပြီး Forbes မဂ္ဂဇင်းကြီးက အဲဒီလိုရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာဆိုရင် ကမ္ဘာတဝန်းမှာ BMW ဝန်ထမ်းစုစုပေါင်း ၁၀၀၀၀၀ ကျော်ရှိနေပြီဖြစ်ပြီး နှစ်စဉ် ကားအစီးရေ သန်းနဲ့ ချီပြီး ထုတ်လုပ်လျှက်ရှိနေပါတယ်။
