ပြည်ပနိုင်ငံတွေကပါ မှာယူစားသုံးနေကြတဲ့ မုန့်ဟင်းခါးဖြစ်ပါတယ်။

စံပြ- ဒေါ်ကြည် လို့ ပြောလိုက်တာနဲ့ မုန့်ဟင်းခါးနဲ့ တွဲမြင်မိကြမှာပါ။ ရန်ကုန်မြို့ရဲ့ နာမည်ကြီး မုန့်ဟင်းခါးဆိုင်ဖြစ်တဲ့အပြင် အခုဆို နှစ်ပေါင်း (၅၄) နှစ်တောင်ရှိပြီမို့လို့ သက်တမ်းရင့် မုန့်ဟင်းခါးဆိုင် တစ်ဆိုင်လည်း ဖြစ်ပါတယ်။



စံပြ- ဒေါ်ကြည် မုန့်ဟင်းခါး ရဲ့ ဇစ်မြစ်

စံပြ-ဒေါ်ကြည် မုန့်ဟင်းခါးကို ၁၉၆၈ ခုနှစ်ကစတင်ခဲ့တာ အခုဆို (၅၄) နှစ် ကျော် ရှိပါပြီ။ ဒေါ်ကြည်ဖြစ်သူက ဒီလုပ်ငန်းစလုပ်တဲ့အချိန်မှာ အရှေ့မှာ စံပြဆိုတဲ့ အမည်တပ်ကာ စံပြ- ဒေါ်ကြည် မုန့်ဟင်းခါးဆိုပြီး လမ်းမတော် မြို့နယ် သံဈေးအနီးမှာ ဆိုင်ခန်းကျဥ်းကျဥ်းလေးနဲ့ စတင်ဖွင့်လှစ်ခဲ့တာပါ။ အဲဒီခေတ်ကာလတွေတုန်းက ဒေါ်ကြည် မုန့်ဟင်းခါးက ရောင်းကောင်းလွန်းလို့ ဆိုင်ခန်းနေရာအခက်အခဲရှိတာတောင် လူတွေ တန်းစီပြီး စောင့်စားခဲ့ရတဲ့ အဖြစ်တွေ ရှိခဲ့ပါတယ်။

“ ဒေါ်ကြည်ရဲ့ အဖေ၊ ဦးလေးတွေ လက်ထက်ကတည်းက မုန့်ဟင်းခါးကို အထမ်းသည်ဘဝနဲ့ စရောင်းခဲ့တာပါ။ ပြောရရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက မုန့်ဟင်းခါးရောင်းခဲ့ကြတာပေါ့။ ဒေါ်ကြည်လက်ထက်မှာ ဆိုင်ခန်းသေးသေးလေးဖွင့်တယ်။ အခုတော့ ဒေါ်ကြည့် သမီးကြီးနဲ့ ချွေးမဖြစ်တဲ့ အန်တီတို့က ဆက်လက်ဦးစီးနေတာပါ” လို့ လက်ရှိ စံပြ-ဒေါ်ကြည် (အလုံ) ဆိုင်ခွဲကို ဦးစီးနေသူ ဒေါ် နီလာက ဆိုပါတယ်။

စံပြကြည် မုန့်ဟင်းခါးရဲ့ လူကြိုက်များစေတဲ့ အဓိကသော့ချက်

ံပြ-ဒေါ်ကြည် မုန့်ဟင်းခါးက ဒေါ်ကြည်လက်ထက်ကတည်းကနေ အခု သမီး၊ ချွေးမလက်ထက်အထိ လက်ရာမပျက်အောင် ထိန်းသိမ်းနိုင်ခဲ့တာက တကယ်ကို ချီးကျုးစရာပါ။ မုန့်ဟင်းခါးရဲ့ အဓိက အသက်ဖြစ်တဲ့ ငါးကို ငါးကျည်း၊ငါးခူနဲ့သာ အဓိကထားချက်ပြုတ်ပြီး ပါဝင်ပစ္စည်းတွေကိုလည်း လုံးဝမလျှော့ဘဲ စားသုံးသူတွေ အကြိုက် ပစ္စည်းကောင်းတွေကိုသာ အသုံးပြုထားချက်ပြုတ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ မုန့်ဟင်းခါးက စားလိုက်တာနဲ့ ပျစ်ပျစ်နှစ်နှစ်ရှိပြီး အရသာ ထိထိမိမိဖြစ်စေပါတယ်။

“ ငါးကျည်း၊ ငါးခူနဲ့ ကုလားပဲကို အဓိကထားချက်ပြုတ်တယ်။ ယောက္ခမ (အမေ)လက်ထက်ကတည်းက ချက်လာတာ နှစ် (၅၀) ကျော်တဲ့အထိ ဒီတိုင်းပဲ ချက်တာပါ။ ပစ္စည်းကောင်းတွေသုံးတယ်။ ထည့်တဲ့ အမယ်တွေ မခိုမကပ်ဘူး။ ထမင်းကြော်ဆိုလည်း ရွှေဘိုဆန်တစ်မျိုးပဲ သုံးတယ်။ ပစ္စည်းကို အတတ်နိုင်ဆုံး အကောင်းတွေပဲ သုံးတယ်။ ဆိုင်ဖွင့်တာလည်း ခေတ်အဆက်ဆက်ဆိုသလို စားသုံးသူတွေလည်း ခေတ်အဆက်ဆက်ရှိပါတယ်။ “ လို့ ဒေါ်နီလာက ဆိုပါတယ်။

ဂျပန်၊ ဩစတြေးလျ၊ စင်ကာပူ စတဲ့ ပြည်ပနိုင်ငံတွေမှာပါ တွေ့ရမယ့် စံပြ-ဒေါ်ကြည် မုန့်ဟင်းခါး

စံပြ-ဒေါ်ကြည် မုန့်ဟင်းခါးလက်ရာကို လူကြိုက်များတာကြောင့် ဒေါ်ကြည်ရဲ့ သမီးဖြစ်သူ လက်ထက်မှာ အသင့်စား မုန့်ဟင်းခါးဟင်းရည်ထုပ်တွေ ထုတ်လုပ်ခဲ့တာ အခုဆို (၂၅) နှစ်လောက်ရှိပါပြီ။ အဲဒီနောက် တစ်ဆင့်စကားတစ်ဆင့်နားကနေ ပြည်ပရောက် မြန်မာတွေကပါ မှာယူစားသုံးခဲ့ကြပြီး အခုဆို ဂျပန်၊ ဩစတြေးလျ၊ စင်ကာပူ၊ မလေးရှား နိုင်ငံအထိပါ တင်ပို့နေတာဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒူဘိုင်းကို ပို့ဖို့လည်း စီစဥ်နေတယ်လို့ သိရပါတယ်။

မုန့်ဟင်းခါးသာမှာမက မနက်ခင်းအစားအစာ (၃၀) ကျော်ရတဲ့ ဆိုင်လေး

ဒီဆိုင်မှာ မုန့်ဟင်းခါးတစ်မျိုးတည်း အရသာကောင်းတာတော့မဟုတ်ပါဘူး။ အခြားမနက်ခင်းအစားအစာတွေ ဖြစ်တဲ့ အုန်းနို့ခေါက်ဆွဲ၊ နို့စိမ်းခေါက်ဆွဲ၊ မန္တလေးမြီးရှည်၊ရွှေတောင်ခေါက်ဆွဲ၊ နန်းကြီးသုတ်၊နန်းပြားသုပ်၊ ကော်ပြန့်စိမ်း၊ ပေါက်စီ၊ အသားပေါင်းမျိုးစုံ၊ အချိုပွဲအစုံ၊ လဘက်ရည်၊ ကော်ဖီ စတဲ့ အစားသောက် တွေကလည်း လက်ရာကောင်းတာကြောင့် မနက်ခင်း အချိန်ဆို ထိုင်ခုံနေရာမရတဲ့အထိ လူစည်ကားနေတတ်ပါတယ်။

“ ဒေါ်ကြည်လက်ထက်တုန်းကတော့ မုန့်ဟင်းခါးနဲ့ စပြီးထိုးဖောက်ခဲ့တာပေါ့နော်။ အခုတော့ တဖြည်းဖြည်း စားစရာအမယ်တွေ ထပ်တိုးလာခဲ့တယ်။ မုန့်ဟင်းခါးတစ်ပွဲကို (၁,၀၀၀) ကျပ် အကြော်နဲ့ဆို (၁,၂၀၀) ကျပ်ပေါ့နော်။ အန်တီတို့ကလည်း နာမည်မပျက်အောင် ဆက်လက်ထိန်းသိမ်းတယ်။ အားသွန်းခိုက်စိုက်လုပ်တယ်၊ စားသုံးသူအပေါ် ဘယ်လိုကောင်းအောင် ဆောင်ရွက်ရမလဲဆိုတာကိုပဲ စိတ်ထဲမှာ ထားပါတယ်။ “ လို့လက်ရှိ အလုံဆိုင်ခွဲကို ဦးစီးနေသူ ဒေါ်နီလာက ဆိုပါတယ်။

စံပြ-ဒေါ်ကြည် မုန့်ဟင်းခါးကိုမှ စားချင်တယ်ဆိုတဲ့သူတွေအတွက် လမ်းညွှန်

စံပြ-ဒေါ်ကြည် မုန့်ဟင်းခါးဆိုင်လေးကို လမ်းမတော်မြို့နယ်မှာ ပင်ရင်းဆိုင်ဖွင့်လှစ်ထားပြီး အလုံမြို့နယ်မှာတော့ ဆိုင်ခွဲ တစ်ခု ဖွင့်လှစ်ထားတာပါ။ လမ်းမတော်ဆိုင်ကတော့ အနော်ရထာလမ်းနှင့် ဝါးတန်းလမ်းထောင့်၊ လမ်းမတော် (၅) လမ်းထိပ်မှာ ဖွင့်လှစ်ထားတာပါ။ အလုံဆိုင်ခွဲကတော့ နှင်းဆီလမ်းနှင့် ငုဝါလမ်းထောင့်မှာဖြစ်ပါတယ်။ ဆိုင်နဲ့ အနီးတစ်ဝိုက်မြို့နယ်တွေကိုတော့ အိမ်အရောက်ဝန်ဆောင်မှုပေးနေပြီး ဖုန်းဆက်မှာယူလိုပါက ဖုန်းနံပါတ်- 095405356 , 09443207670 , 0973207670 တို့ကို ဆက်သွယ်မှာယူနိုင်ပါတယ်။

Share

Loading Next Article...
က္က