မြို့ပေါင်း ၅၄ မြို့မှာ 5G ကွန်ရက် စတင်ထားပါတယ်

ဆွစ်ဇာလန်အစိုးရဟာ 5G မိုဘိုင်းကြိမ်နှုန်းထုတ်လွှတ်မှုရဲ့ ကျန်းမာရေးပေါ် သက်ရောက်မှုကို စောင့်ကြည့်တဲ့ စနစ်တစ်ခုကို လုပ်ဆောင်သွားမယ်လို့ကြေညာထားပါတယ်။

         Reuters သတင်းမှာ ဖော်ပြချက်အရ ဆွစ်ဇာလန်အစိုးရအဖွဲ့ဟာ non-ionizing radiation လို့ခေါ်တဲ့ လူ့အရေပြားနဲ့မျက်လုံးတွေကို ထိခိုက်နိုင်တဲ့ ဓါတ်ရောင်ခြည် level တိုင်းတာရေး ၊ အန္တရာယ်ဖြစ်နိုင်ခြေကို အကဲဖြတ်ခြင်းနဲ့အတူ စစ်ဆေး တွေ့ရှိချက်များကို လူထုထံ ပုံမှန်သတင်းထုတ်ပြန်ပေးဖို့ဖက်ဒရယ် ပတ်ဝန်းကျင်ဆိုင်ရာ အေဂျင်စီတစ်ခု ဖွဲ့စည်းသွားဖို့သဘောတူထားတယ်လို့ဆိုပါတယ်။



Photo: Duwun Tech

         ဆွစ်ဇာလန်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက 5G ဝန်ဆောင်မှုတွေပေးဖို့ဆွစ်ဖရန့်ငွေ သန်း ၃၈၀ အထိ ရောက်ရှိခဲ့တဲ့ လှိုင်းနှုန်းစဉ် လေလံပွဲအပြီး antenna သစ်တွေ ခွင့်ပြုပေးဖို့အတွက် ပြည်နယ်တစ်ချို့အနေနဲ့တွန့်ဆုတ်နေခဲ့တာကြောင့် အခုလို 5G ကွန်ရက်ရဲ့ ကျန်းမာရေးပေါ် သက်ရောက်မှုကို လေ့လာစိစစ်ဖို့လုပ်ဆောင်ခဲ့တာပါ။

         ပဉ္စမမျိုးဆက် 5G ကွန်ရက်နည်းပညာဟာ မောင်းသူမဲ့ကားကနေ အဝေးထိန်းစနစ်နဲ့လုပ်ဆောင်နိုင်မယ့် စမတ်ထုတ်ကုန်များနဲ့အာရုံခံ IoT စနစ်များလို ဒစ်ဂျစ်တယ်ဝန်ဆောင်မှုသစ်တွေ လမ်းပွင့်ဖို့အခွင့်အလမ်းတစ်ခု ဖြစ်ပြီး တယ်လီကွန်းအော်ပရေတာတွေဟာလည်း 5G ကြိမ်နှုန်းတွေ အတွက် စိတ်အားထက်သန်နေကြတာပါ။

         ဆွစ်ဇာလန်ပြည်သူတွေရဲ့ ထက်ဝက်ကျော်ဟာ မိုဘိုင်း antenna တွေက ထုတ်လွှင့်တဲ့ ရောင်ခြည်တွေကြောင့် အန္တရာယ်ဖြစ်နိုင်မလားဆိုပြီး စိုးရိမ်နေကြတယ်လို့ဆွစ်ဇာလန်အစိုးရရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီအစီရင်ခံမှာပဲ ဓါတ်ရောင်ခြည်အဆင့်ကို ပုံမှန်တိုင်းတာခြင်း မရှိတာကြောင့် ဖြစ်လာနိုင်ခြေရှိတဲ့ ကျန်းမာရေး ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေပါ လုပ်ဖို့တိုက်တွန်းမှုတွေ ရှိနေကြတယ်လို့ဆိုပါတယ်။

         ဆွစ်ဇာလန်မှ တယ်လီကွန်းကုမ္ပဏီကြီး တစ်ခု ဖြစ်တဲ့ Swisscom ရဲ့ 5G ကွန်ရက်ဟာ ဇူးရစ် နဲ့ဂျနီဗာအပါအဝင် မြို့ပေါင်း ၅၄ မြို့မှ နေရာပေါင်း ၁၀၂ နေရာမှာ ဖြန့်ကျက်ထားပြီး လာမယ့် ၂၀၂၄ မှာ နိုင်ငံရဲ့ ၅၀% ကို 5G ကွန်ရက် လွှမ်းခြုံနိုင်မယ်လို့မျှော်လင့်ထားပါတယ်။ Swisscom ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက Federal Communication Commission က လုပ်တဲ့ 5G ကြိမ်နှုန်းလေလံမှာ Share အများဆုံး ဝယ်ထားတဲ့ တယ်လီကွန်းလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က