အမေရိကန်အစိုးရဘက်က ဖိအားပေးမှုတွေရှိခဲ့ပေမယ့် ယူကေအစိုးရဟာ နိုင်ငံရဲ့ 5G ကွန်ရက် အခြေခံအဆောက်အဦတည်ဆောက်ရေးမှာ Huawei ကို ခွင့်ပြုဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။
ယူကေအစိုးရဟာ Huawei ကို 5G ကွန်ရက်ရဲ့ ပင်မပစ္စည်းအစိတ်အပိုင်း မဟုတ်တဲ့ ထုတ်ကုန်တွေ ထောက်ပံ့ပေးရေးမှာ ခွင့်ပြုလိုက်တာ ဖြစ်ပြီး ဈေးကွက်ပမာဏကိုလည်း ၃၅% နဲ့ ကန့်သတ်ထားတယ်လို့ The Verge သတင်းက ဖော်ပြထားပါတယ်။ ယူကေမှာ ရှိတဲ့ အဓိက အော်ပရေတာကြီး ၄ ခု ဖြစ်တဲ့ EE ၊ O2 ၊ Three နဲ့Vodafone တို့ဟာ 5G ကွန်ရက်အတွက် Huawei ပစ္စည်းတွေ အသုံးပြုနေပါတယ်။
Photo: Bangkok Post
ကွန်ရက်အော်ပရေတာတွေဟာ လုံခြုံရေးအတွက် ကွန်ရက်တွေကို ပင်မ core အစိတ်အပိုင်းနဲ့ အရန် non-core အစိတ်အပိုင်းဆိုပြီး ခွဲခြားတည်ဆောက်ထားတာပါ။ non-core ကွန်ရက်ထဲမှာ အဓိကအားဖြင့် အလွယ်တကူ သီးသန့်ခွဲထုတ်ထားနိုင်တဲ့ base station နဲ့ အန်တနာများ ပါဝင်ပါတယ်။ EE နဲ့ Vodafone တို့ကတော့ သူတို့ရဲ့ လက်ရှိ radio access ကွန်ရက်အစိတ်အပိုင်းတွေရဲ့ ၃၅% ကျော်အတွက် Huawei ကို မှီခိုနေရပါတယ်။
ဗြိတိန်တယ်လီကွန်းကုမ္ပဏီတစ်ခု ဖြစ်တဲ့ BT Group ဆိုရင် ကုမ္ပဏီရဲ့ မိုဘိုင်းအော်ပရေတာဖြစ်တဲ့ EE ရဲ့ 4G ကွန်ရက် ပင်မအစိတ်အပိုင်းတွေမှာ Huawei ပစ္စည်းအစိတ်အပိုင်း အသုံးပြုမှု ဖယ်ရှားခဲ့ပြီး အရန် non-core ဘက်မှာပဲ ခွင့်ပြုခဲ့တာပါ။ ယူကေအစိုးရဟာ နိုင်ငံရဲ့ ကွန်ရက်တည်ဆောက်ရေးမှာ ပါဝင်မယ့် လုံခြုံရေး အန္တရာယ်မြင့် 5G ဝယ်လက်တွေကို စည်းမျဉ်းတင်းကြပ်ပြီးမှ ခွင့်ပြုမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ယူကေရဲ့ 5G တည်ဆောက်ရေးမှာ Huawei ပစ္စည်းအစိတ်အပိုင်း အသုံးပြုခြင်းဟာ သူလျှိုထောက်လှမ်းရေးကို ခွင့်ပြုရာ ရောက်မယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက် ပွန်ပီရိုက ပြောဆိုခဲ့ပြီး အမေရိကန်အနေနဲ့ အရေးကြီးတဲ့ သတင်းအချက်အလက်များကို ယူကေနဲ့ မျှဝေမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
Photo: thetop10news
အမေရိကန်နဲ့ ယူကေတို့ဟာ ကနေဒါ ၊ ဩစတြေးလျ နဲ့ နယူးဇီလန်တို့ နဲ့ ဖွဲ့စည်းထားတဲ့ Five Eyes ထောက်လှမ်းရေး အချက်အလက် မျှဝေရေးသဘောတူညီချက်မှာ အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဒိုမီနစ် ရက်ဘ်ကတော့ Huawei ကို ပါဝင်ခွင့်ပြုတဲ့ ဆုံးဖြတ်ချက်ဟာ အမေရိကန်နဲ့ တစ်ခြား နီးစပ်ရာ မဟာမိတ်နိုင်ငံတွေနဲ့ ယူကေအကြား စုံစမ်းထောက်လှမ်းမှု အချက်အလက် မျှဝေတဲ့ ဆက်ဆံရေးကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ ငြင်းဆန်ထားပါတယ်။
ယူကေ အမျိုးသား ဆိုက်ဘာလုံခြုံရေး စင်တာ NCSC ကနေ ထုတ်တဲ့ စာရွက်စာတမ်းမှာတော့ ယူကေရဲ့ ကွန်ရက်တွေဟာ သုံးနှစ်အတွင်း Huawei ပစ္စည်းအစိတ်အပိုင်း အသုံးပြုမှုပိုင်းမှာ လုံခြုံရေးအရ ထောက်ခံချက်ရတဲ့ အဆင့်ရောက်အောင် လိုက်နာရမယ်လို့ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လက ထုတ်ပြန်တဲ့ အစိုးရရဲ့ အစီရင်ခံစာအရ Huawei ဟာ ယူကေ Fibre Broadband ဈေးကွက်ရဲ့ ၄၅% ရထားတယ်လို့ ဆိုပါတယ်။