ဒီတပတ်ပရီးမီးယားလိဂ်ရဲ့ အစောဆုံးပွဲစဉ်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အဲဗာတန်ပွဲကတော့ အိမ်ရှင်ယူနိုက်တက်ရဲ့ အလွဲအချော်တွေကြောင့် ပရိသတ်တွေ ဟာခနဲ၊ ဟင်ခနဲဖြစ်ခဲ့ရတဲ့ပွဲပါပဲ။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ခြိမ်းခြောက်ခံလာရတဲ့ ယူနိုက်တက်နဲ့ တန်းမဆင်းရရေးအတွက် ရသလောက်အမှတ်ယူထားရမယ့် အဲဗာတန်တို့ ရင်ဆိုင်ခဲ့ရလို့ အကြိတ်အနယ်လည်းရှိခဲ့ပါတယ်။
ယူနိုက်တက်ကတော့ ပထမပိုင်းမှာရတဲ့ အခွင့်အရေးကောင်းတွေကို လက်လွှတ်ခဲ့ရလို့ တော်မီနေးရဲ့ ၁-၀ နဲ့ သာ အဲဗာတန်ကို ဦးဆောင်ခဲ့ရပါတယ်။ အပိုင်အခွင့်အရေးတွေကို ရက်ရှ်ဖို့ဒ်၊ အန်တိုနီ၊ ဘစ်စ်ကာတို့ အံ့အားသင့်ဖွယ်လွဲချော်ခဲ့ကြပြီး အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်လည်း အပိုင်အခွင့်အရေး ၂ ကြိမ်လောက်ကို ကာကွယ်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်သာ ဂိုးသွင်းသေချာရင် ပထမပိုင်းကို အနည်းဆုံး ၃-၀ လောက်နဲ့ ဦးဆောင်နေရမှာပါ။
ပစ်ဖို့ဒ်ရဲ့ လက်စွမ်းပြမှုတွေကလည်း ချီးကျူးရမှာဖြစ်သလို တဖက်မှာ ယူနိုက်တက်ကစားသမားတွေရဲ့ လွဲချော်မှုကလည်း စိတ်ပျက်စရာကောင်းခဲ့ပါတယ်။ ဂိုးသမားနဲ့ တဦးချင်းတွေ့တာ၊ ဂိုးပေါက်အလွတ်ကြီးကို ပိတ်သွင်းရတာတွေ ခဏခဏရခဲ့ပေမယ့် ယူနိုက်တက်တို့ ဂိုးရအောင် မယူနိုင်ခဲ့ပါဘူး။ ရက်ရှ်ဖို့ဒ်လည်း အပိုင်ဂိုးတွေ လက်လွှတ်ခဲ့ရပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့ရပါတယ်။
ဒုတိယပိုင်းမှာလည်း ယူနိုက်တက်ပဲ ပွဲကိုထိန်းချုပ်ထားပြီး ဂိုးတွေထပ်ရဖို့ အားထုတ်ခဲ့ပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်း လွဲနေဆဲဖြစ်လို့ အခက်တွေ့နေခဲ့ရပြီး ပစ်ဖို့ဒ်ကလည်း တော်တော်လေးလက်စွမ်းပြနေခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဗာတန်ခံစစ်အမှားကတဆင့် ရက်ရှ်ဖိ့ဒ် ဘောလုံးရသွားပြီး လူစားဝင်လာတဲ့ မာရှယ်ကို ဖန်တီးပေးကာ မာရှယ်က အပိုင်ကန်သွင်းယူနိုင်ခဲ့လို့ ၂-၀ နဲ့ ယူနိုက်တက် ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် ယူနိုက်တက်တို့ နယူးကာဆယ်ကို ရှုံးအပြီး ၂ပွဲဆက်ပြန်အနိုင်ရကာ ချန်ပီယံလိဂ်ဝင်ခွင့်ဖိအားပေးခံနေရတာတွေကို လျှော့ချနိုင်ခဲ့ပါတယ်။ အဲဗာတန်ကတော့ တန်းမဆင်းရရေးအတွက် ရုန်းကန်နေရဦးမှာဖြစ်ပြီး လက်ရှိခြေစွမ်းထက် ပိုကောင်းအောင် မလုပ်နိုင်ရင်တော့ အခက်တွေ့ဖွယ်ရာရှိနေခဲ့ပါပြီ။