မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူးကြီးရော်နယ်ဒိုကတော့ အိုမိုနီးယားနဲ့ပွဲမှာ ၆ ကိုက်အကွာကနေ လွတ်လွတ်ကျွတ်ကျွတ်ပိတ်သွင်းယူရတဲ့ဂိုးကို တိုင်ထိအောင်သာ ကန်သွင်းနိုင်ခဲ့ပါတယ်။ ဆိုက်ပရက်ကလပ်နဲ့ ပွဲမှာ သူ ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး ဂိုးရနိုင်တဲ့အကောင်းဆုံးအခွင့်အလမ်းတွေကို ပိုင်ဆိုင်ခဲ့ပေမယ့် ပြိုင်ဘက်ဂိုးသမားလက်စွမ်းပြခဲ့တာ၊ သူ့ရဲ့ ဂိုးကံခေတွေတာကြောင့် သွင်းဂိုးမရခဲ့ပါဘူး။
ပထမပိုင်းမှာ ယူနိုက်တက်ကစားပုံက စိတ်ပျက်စရာကောင်းနေခဲ့ပေမယ့် အခွင့်အရေးတချို့တော့ ဖန်တီးနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ ကန်သွင်းချက်က ကောင်းမွန်ချိန်မှာလည်း ဂိုးသမားက ကာကွယ်သွားခဲ့လို့ နစ်နာခဲ့ရပြန်ပါတယ်။ မိနစ် ၉၀ အပြည့်ကို ရော်နယ်ဒို ကစားခွင့်ရခဲ့ပေမယ့်လည်း သူ့ရဲ့ ကံတရားကတော့ တော်တော်လေးကို ဆိုးရွားနေပုံပါပဲ။
၇၇ မိနစ်မှာ ဒါလော့ရဲ့ ဖန်တီးပေးမှုကနေ ဧရိယာထဲမှာ ရော်နယ်ဒိုက ဘောလုံးရခဲ့ပါတယ်။ ဂိုးသမားက ရှေ့ထိတက်ဖျက်နေလို့ ဂိုးပေါက်မှာ ဂိုးသမားမရှိတော့ဘဲ အိုမီနီးယားကစားသမားတဦးတည်းသာ ရှိနေတာပါ။ ရော်နယ်ဒိုက ဒါလော့ပေးပို့တာကို ရရှိချိန်မှာ ညာခြေနဲ့ပဲ ထောင့်ကျဉ်းဘက်ကို ပိတ်သွင်းယူခဲ့တာပါ။ ကံဆိုးစွာနဲ့ပဲ ဘောလုံးက တိုင်ထိထွက်ခဲ့ပြီး အခွင့်အရေးကောင်းတခုကို ဆုံးရှုံးခဲ့ရပါတယ်။
ရော်နယ်ဒိုကိုယ်တိုင်လည်း သူ့ရဲ့လွဲချော်မှုအတွက် တော်တော်လေးဒေါသထွက်ခဲ့သလို ကိုယ့်ကိုကိုယ်လည်း အားမလိုအားမရဖြစ်ခဲ့ပြီး အော်ဟစ်နေခဲ့ပါတယ်။ အနည်းဆုံးသွင်းဂိုးတဂိုးလောက် ရခဲ့သင့်တဲ့ ပွဲမျိုးမှာ သူ ဂိုးလုံး၀မသွင်းယူနိုင်ခဲ့တာကတော့ ယုံကြည်မှုပိုင်းကိုပါ ထိခိုက်စေမှာ သေချာပါတယ်။ တန်ဟက်ဂျ်အတွက်လည်း အရေးကြီးတဲ့ပွဲတွေမှာ ရော်နယ်ဒိုကို အသုံးပြုဖို့က တော်တော်လေးစဉ်းစားရမှာပါ။
ဒီရာသီမှာ ရော်နယ်ဒိုက သွင်းဂိုးတဂိုးတည်းသာရထားသေးပြီး ရှာရစ်နဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ ပင်နယ်တီကနေ သွင်းယူထားတာဖြစ်ပါတယ်။