မနှစ်ကပဲ Security Update ပေးမှု ရပ်ဆိုင်းလိုက်ပြီလို့ ကြေညာခဲ့တဲ့ Samsung Galaxy S စီးရီးဖုန်းမော်ဒယ်တွေဟာ Firmware Update သစ် ရနေကြတယ်လို့ ဆိုပါတယ်။
Samsung ဟာ ၂၀၁၆ နဲ့ ၂၀၁၇ မော်ဒယ် Galaxy S7 နဲ့ S8 မော်ဒယ်တွေအတွက် အရေးကြီးတဲ့ Update တစ်ခု ဖြန့်ချိခဲ့တာပါ။ သက်တမ်း ၆ နှစ်အထိ ကြာပြီ ဖြစ်တဲ့ ဒီဖုန်းတွေအတွက် Bug တချို့ကို ရှင်းနိုင်မယ့် Firmware Update ပေးလာတာ ဖြစ်ပြီး GPS တည်ငြိမ်ရေးစနစ် ကောင်းမွန်တိုးတက်ဖို့အတွက် ထုတ်ပေးလိုက်တာပါ။ ဒီ Update ဟာ တခြားအသေးစား Bugs တွေပါ ရှင်းပေးနိုင်မယ်လို့ ဆိုပါတယ်။
Galaxy S7 နဲ့ Galaxy S7 Edge တို့အတွက် G93xFXXU8EVG3 နာမည်နဲ့ 31MB ရှိတဲ့ firmware ဗားရှင်းသစ် ရလာတာ ဖြစ်ပြီး Galaxy S8 စီးရီးအတွက် G95xFXXUCDVG4 နာမည်နဲ့ update ပေးလာတာပါ။ Galaxy S8 စီးရီးအတွက် ထုတ်ပေးလိုက်တဲ့ Firmware ဗားရှင်းဟာ ဖိုင်ဆိုဒ် 420MB ရှိပါတယ်။ Android 9 စနစ်သုံးထားတဲ့ Galaxy S8 စီးရီးဟာ ၂၀၂၁ ဧပြီလက Official Update နောက်ဆုံးရထားတာလည်း ဖြစ်ပါတယ်။
Samsung ဟာ ဆက်မထုတ်တော့တဲ့ တခြားမော်ဒယ်ဟောင်းဖုန်းတွေအတွက်လည်း Update တွေ ထုတ်ပေးနေတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၇ နှစ် ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Galaxy J7 အတွက်လည်း Samsung ဟာ အလားတူ GPS update တစ်ခု ထုတ်ပေးထားပါတယ်။ GalaxyClub ရဲ့ အဆိုအရ Samsung ဟာ ၂၀၁၅ မော်ဒယ် Galaxy S6 Series နဲ့ Galaxy S9 တို့အပါအဝင် နောက်ထပ်ဖုန်းမော်ဒယ်ဟောင်းတွေကိုလည်း အလားတူ Updates ပေးဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
အခုပြောခဲ့တဲ့ မော်ဒယ်တွေအားလုံးဟာ Samsung ရဲ့ တရားဝင် ဆော့ဖ်ဝဲလ် Support ပေးမှု ရပ်ဆိုင်ထားတဲ့ မော်ဒယ်တွေလည်း ဖြစ်ပါတယ်။ Samsung ဟာ မနှစ်ကစပြီး Flagship မော်ဒယ်ထုတ်ကုန်တွေအတွက် Major OS Update ၄ ခု နဲ့ Software Support ၅ နှစ်အထိ ပေးသွားမယ်လို့လည်း ကြေညာထားပါတယ်။