စနေ၊ တနင်္ဂနွေလို ပိတ်ရက်တွေဟာ ကိုယ့်ရဲ့ဝါသနာတွေကို ထုတ်ဖော်ရင်း စိတ်အပန်းဖြေရတဲ့နေ့တွေပါပဲ။ လက်မှုပစ္စည်းလေးတွေပြုလုပ်ရတာ ဝါသနာပါတယ်ဆိုရင်တော့ စက္ကူနှင်းဆီပွင့်လေးတွေ ပြုလုပ်ကြည့်ရအောင်လေ။ ကလေးတွေကိုလည်း ပြန်သင်ပေးလို့ရတာပေါ့။ လိုအပ်တာတွေကတော့ အရောင်ပါတဲ့စက္ကူတစ်ရွက်၊ ခဲတံ၊ ကပ်ကြေးနဲ့ ကော်တို့ပဲ ဖြစ်ပါတယ်။ ကော်ကတော့ စက္ကူကပ်တဲ့ကော်ကို ရွေးချယ်ပါ။
ပထမဦးဆုံးအနေနဲ့ စာရွက်ပေါ်မှာ ခရုပတ်ပုံသဏ္ဍန်လေး ရေးဆွဲလိုက်ပါ။ စာရွက်အပြည့် ရေးဆွဲရမှာဖြစ်ပြီး ခရုပတ်အဆုံးသတ်ကိုလည်း ခပ်ချွန်ချွန်လေးဖြစ်အောင် ထိစပ်လိုက်ရပါမယ်။ ကိုယ်ရေးဆွဲထားတဲ့ ခရုပတ်ခွေအတိုင်း ကပ်ကြေးနဲ့ဝေ့ဝိုက်ကာ ညှပ်လိုက်ပါ။ ခရုခွေလေးလို စက္ကူခွေလေး ရပြီပေါ့။
ခရုခွေအဆုံးသတ်ဖြစ်တဲ့ အချွန်လေးနေရာကို ခဲတံလေးနဲ့ လိပ်လိုက်ပါ။ အစပိုင်းကိုပဲ ခဲတံနဲ့လိပ်ပြီး ကျန်တာတွေကိုတော့ လက်နဲ့လိပ်လို့ရပါတယ်။ အရမ်းကျစ်မနေပါစေနဲ့။ ဒါမှပန်းပွင့်လေးက လှမှာပါ။ အားလုံးလိပ်ပြီးသွားရင် အောက်ပိုင်းကို စက္ကူဝိုင်းလေးပေါ်မှာ ကော်တင်ပြီး လိပ်ထားတဲ့စက္ကူလေးကို ကပ်လိုက်မယ်ဆိုရင် နှင်းဆီပွင့်လေးရပြီပေါ့။ ကိုယ့်အခန်းထဲမှာ အလှဆင်ထားလို့ရပြီလေ။
Source : Kawaii