မျက်နှာသုတ်ပဝါ (တဘက်) က အမွေးပွပွလေးနဲ့ ပျော့ပျောင်းနေမှ အသုံးပြုလို့ ကောင်းပါတယ်။ မာပြီးတောင့်တဲ့ပဝါနဲ့ မျက်နှာကိုသုတ်မယ်ဆို ကြမ်းတမ်းနေလို့ သုတ်ရတာမကောင်းပါဘူး။ နူးညံ့တဲ့အသားအရေပိုင်ရှင်တွေဆို တဘက်ကြမ်းကြမ်းကြီးကြောင့် မျက်နှာသစ်ပြီး ရေသုတ်တိုင်း နီရဲသွားတာမျိုး ဖြစ်ကြပါတယ်။ ဆိုင်ကဝယ်လာတုန်းက နူးညံ့ပြီး အမွေးပွပွလေးဖြစ်နေတဲ့တဘက်ဟာ ကိုယ်တကယ်သုံးတော့မှ မာတောင့်ပြီးကြမ်းလာရတာတော့ ကိုယ့်ရဲ့အသုံးပြုပုံတွေ မှားယွင်းနေလို့ပါပဲ။
၁။ ချိတ်မှာ ချိတ်ထားတဲ့အခါ နှစ်ခေါက်ခေါက်ပြီး မချိတ်ပါနဲ့။ အသုံးပြုပြီးလို့ စိုနေတဲ့ရေတွေက ခေါက်ထားတဲ့နေရာမှာဆို ခြောက်ဖို့ပိုကြာတယ်လေ။ အချိန်ကြာကြာစိုနေတဲ့ တဘက်မှာ ဘက်တီးရီးယားတွေလည်း ကပ်ငြိနိုင်ပါတယ်။
၂။ မလျှော်တာကြာရင် တဘက်က မာတောင့်တောင့်ဖြစ်လာပါလိမ့်မယ်။ တဘက်ဆိုတာမျိုးက ၃ ကြိမ် သုံးပြီးရင် လျှော်လိုက်တာအကောင်းဆုံးပါ။
၃။ တစ်ထည်တည်းမသုံးပါနဲ့။ လူတစ်ယောက်ဟာ အနည်းဆုံး တဘက် ၄ ထည်တော့ ရှိထားသင့်ပါတယ်။ တစ်ထည်သုံးပြီး လျှော်ထားချိန် နောက်တစ်ထည် အလဲအလှယ်သုံးလို့ရတာပေါ့။
၄။ လျှော်တဲ့အခါ ကြေး(ဂျီး)ချွတ်ဆေး အများကြီးမသုံးသင့်ပါဘူး။ ကြေးချွတ်ဆေး (Detergent) များများပါတဲ့ ဆပ်ပြာတွေနဲ့ လျှော်မယ်ဆို တဘက်က လျှော်ပြီးတာတောင်မှ မာတောင့်တောင့်ဖြစ်နေလို့ သုတ်လို့မကောင်းတော့ဘူးလေ။
၅။ လျှော်ပြီးတိုင်းလည်း ရေစင်အောင်ဆေးပါ။ အဝတ်လျှော်ပြီးလို့ ရေဆေးတဲ့အခါ ဆေးတဲ့ရေ ကြည်လင်သွားပြီဆိုမှ ဆပ်ပြာတွေ ပြောင်စင်သွားကြောင်း သိနိုင်ပါတယ်။ ဆပ်ပြာမပြောင်ရင်လည်း တဘက်က မာတောင့်နေပါလိမ့်မယ်။
Source : GHK