အချိန်အတိုင်းအတာတစ်ခုအထိ ပတ်သတ်ခဲ့ပြိး ကိုယ့်အကြောင်းသူ့အကြောင်းလည်းသိ၊ နေ့ရက်တွေကိုလည်း တူတူကျော်ဖြတ်ခဲ့ပြီးမှ အကြောင်းတစ်စုံတစ်ရာကြောင့် ချစ်သူနဲ့ လမ်းခွဲလိုက်ကြတယ်။ ရှေ့ဆက်ပြီးတော့ တစ်ယောက်တည်းဖြစ်သွားတယ်ဆိုတာလည်း လက်ခံထားတယ်ပေါ့။ ရုတ်တရက်တော့ တောင်ပံတစ်ဖက်ကျိုးသလို၊ အဖော်မဲ့သလို ခံစားရမယ်။ ရှေ့လျှောက် မနက်ဖြန်တွေမှာ သူ မပါတော့ဘူး။ အေးဆေးပါလို့ ကိုယ့်ကိုယ်ကိုယ်အားတင်းထားပေမယ့်လည်း လောလောဆယ် ညနေစာထမင်း တစ်ယောက်တည်း ပဲစားမယ်။ ဖုန်းကလည်း လာမှာမဟုတ်ဘူး သေချာသိတာတောင် ယောင်ပြီးတော့ လှမ်းကြည့်မိဦးမယ်။
ဆက်ဆံရေးတစ်ခုကို ရပ်စဲလိုက်တဲ့အခါ အနည်ထိုင်အသားကျသွားဖို့ အချိန်အတိုင်းအတာတစ်ခု နဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ရှည်သည်းခံမှုတွေ လိုအပ်ပါတယ်။ အချိန်တစ်ခုကြာရင်တော့ မေ့ပျောက်ပြီး တစ်ယောက်တည်း အသားကျသွားမယ်ဆိုတာ သိပြီးသားမဟုတ်လား။ လက်မတွဲဖြစ်ဘူးဆိုတာ ကြိုတင် ခံစားသိထားပြီးသားဆိုရင်တော့ ဒီလိုအခြေအနေကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားပြီးသား ဖြစ်လိမ့်မယ်။ ရုတ်တရက် ချစ်သူက လမ်းခွဲသွားပြီး ဒီလိုဖြစ်သွားရတာကို လက်မခံနိုင်သေးသူအတွက်တော့ ချက်ချင်းအသားကျပြီး အေးဆေးတည်ငြိမ်နေဖို့က မလွယ်ကူပါဘူး။ ဒါပေမယ့် သင့်အတွက် ဒီလို အားရှိစေမယ့် အကြံဉာဏ်ကောင်းတွေနဲ့ အဖော်ပြုပြီး ကိုယ့်ဘဝကိုယ် ပြန်လည်တည်ဆောက်နိုင်ပါသေးတယ်။ မင်းအတွက် မင်းရှိတယ်ဆိုတဲ့ သီချင်း
သူနဲ့ လုံးဝ လုံးဝ အဆက်အသွယ် မလုပ်ပါနဲ့
ဟုတ်ပါတယ်။ ပြီးတဲ့အရာတွေကို ပြန်တမ်းတမနေပါနဲ့တော့။ ကံမကုန်ရင် တကယ်ကို ပြန်ဆုံနိုင်ပါသေးတယ်။ ဒီတော့ လောလောဆယ် စိတ်အေးချမ်းသက်သာမှုရှိဖို့အတွက် သူနဲ့ ထိတွေ့ အဆက်အသွယ်ရနိုင်မယ့် အခြေအနေသေးသေးလေး ပေးနိုင်တဲ့အရာတွေ အကုန်လုံး ဖယ်ရှားတားဆီးလိုက်ပါ။ ဖုန်း၊ မက်ဆေ့ချ်ပို့တာ၊ Facebook နဲ့လူမှုဆက်ဆံရေးကွန်ရက်မှာ ဆက်သွယ်တာမျိုးတွေ မလုပ်ပါနဲ့။ တစ်သက်လုံး အပြောအဆိုရပ်တန့်ရမယ်လို့ မဆိုလိုပေမယ့် လောလောဆယ်တော့ ဘလော့ခ်ရင်လည်း ဘလော့ခ်လိုက်ပါ။ Unfollow လုပ်ပြီးလည်း မတ်ဆင်ဂျာကနေ အလုံးလေးပေါ်လာဦးမလား မျှော်တာ ကိုယ့်ဘာသာကိုယ် စိတ်ဒုက္ခအကြီးကြီးပေးနေတာပါး လမ်းခွဲလိုက်တဲ့အခါ ပထမဆုံး နဲ့ အလုပ်သင့်ဆုံး အရာလို့ အများက လက်ခံထားကြတဲ့ စည်းကမ်းတစ်ခုရှိပါတယ်။ ရက် (၉၀) တိတိ သက်ဆိုင်ခဲ့ဖူးသူနဲ့ အပြန်အလှန်ကူးလူးဆက်သွယ်တာ လုံးဝမလုပ်ရပါဘူး။ စိတ်ပညာရှင်တွေရဲ့ အဆိုအရ အကျင့်တစ်ခုကို စွဲမြဲသွားစေဖို့ အချိန် (၃) လပဲ လိုတယ်လို့ဆိုပါတယ်။ ဒီနည်းက တကယ်ကို သင့်အတွက် အများကြီး စိတ်အေးချမ်းပြီး အပူကင်းစေမှာပါ။
ကိုယ့်ကိုယ်ကိုယ် ရည်းစားတော်လိုက်ပါ
သင့်ကို ထားခဲ့တာလား။ သူမရှိတုန်းကလည်း သင်တစ်ယောက်တည်းပဲလေ။ မင်းအတွက် မင်းရှိတယ် ဆိုတဲ့ သီချင်းထဲကလိုပါပဲ။ သင့်အတွက် သင့်ခန္ခာကိုယ်ကြီးနဲ့ သင့်ဦးနှောက်နဲ့ စိတ်ဓာတ်အရည်အချင်းတွေ ရှိနေပါတယ်။ သူထားသွားလို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေလျော့သွားပြီး အားငယ်နေတာလား။ ဒါဆိုရင် ကိုယ့်ကိုယ်ကိုယ် မှန်ထဲမှာ သေချာ ခေါင်းကနေ ခြေထောက်အထိ အခုအပြင်အဆင်၊ အဝတ်အစားနဲ့ မျက်နှာကို ကြည့်ပြီး တစ်ခု စဉ်းစားလိုက်ပါ။ မှန်ထဲကသူကို သင်ဆိုရင်ကော ချစ်သူတော်ချင်စိတ်ပေါက်သလားလို့။ မျက်ရည်လည်ရွဲနဲ့ မျက်လုံးတွေ မို့အစ်အောင်ငိုထားတဲ့ ရုပ်ကြီးကို သင် ခံစားလို့ရလား။ ပေတိပေကပ်နဲ့ ထောင့်မကျိုးတဲ့ မျက်နှာပေးနဲ့သူတစ်ယောက်ကို မြင်ရတဲ့အခါမှာ သင် ကြင်နာချင်လား။ သင့်အရည်အချင်းတွေကော၊ မက်လောက်စရာ၊ မက်မောစရာ ဖြစ်နေလား။ အရမ်းလှနေတာပဲ မချစ်စရာအကြောင်းမရှိဘူးလို့ ထင်နေတယ်သူလည်းရှိမှာပါ။ သေချာ မှန်ထဲ စိုက်ပြီး ကြည့်ကြည့်ပါ။ သင်စိတ်ထားကောင်းကောင်းထားခဲ့ပြီး ကိုယ်ချင်းစာခဲ့ရဲ့လား။ တကယ်ချစ်ချင်စရာကောင်းတယ်လို့ ထင်တယ်ဆိုရင် ဘာလိုသေးလို့လဲ။ သူများတွေက သင့်ရဲ့တန်ဖိုးကို မသိတာပဲ။ ကိုယ့်ကိုယ်ကိုယ် ချစ်ချင်တယ်၊ ချစ်သူတော်ချင်စရာ၊ လက်တွဲချင်စရာကောင်းတယ်လို့ပဲ မြင်တယ်ဆိုရင်တော့ သင်သူနဲ့လမ်းခွဲလိုက်တာ အကောင်းဆုံးလမ်းကို ရွေးလိုက်တာပါ။ သင်ရဲ့ အချစ်တွေကို အများဆုံးပေးခဲ့တာ၊ အထိုက်တန်ဆုံးနဲ့ အရသင့်ဆုံးက သက်ဆိုင်ခဲ့ဖူးသူလို့ သင် ထင်ချင်ထင်ခဲ့ပါလိမ့်မယ်။ ဒါပေမယ့် လောကမှာ လူတိုင်းက ကိုယ့်ကိုယ်ကိုယ်အချစ်ဆုံးပါ။ သင် နာကျင်ခံစားရတာများလို့ လမ်းခွဲကြတာဆိုရင်လည်း သင် မနာကျင်ချင်တော့တာကြောင့်ပါပဲ။ သင် မှန်ထဲကြည့်ပြီး ငါ ဒီလောက်ပြည့်စုံတာလို့ မြင်တယ်ဆိုရင်လည်း သင့်ကိုယ်သင် စောင့်ရှောက်ပြီး ကိုယ့်တန်ဖိုးကိုယ်သိနေတာပါ။ စိတ်တိုင်းမကျဘူး ကိုယ့်ကိုယ်ကိုယ်အားမရဘူးဆိုရင်တော့ သူများကို အပြစ်တင်မနေပါနဲ့တော့။ ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်ချင်စရာ ကောင်းအောင်သာ အရင် ကြိုးစားဖို့ သင့်ပါတယ်။ သင်တောင်မှ သဘောမတွေ့တာ အခြားလူကို နားမလည်ဖြစ်မနေပါနဲ့တော့။
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ
မိမိအားသားချက်၊ အားနည်းချက်တွေ သိအောင်လုပ်ပြီး ကိုယ့်ကိုယ်ကိုယ်လေးစားမှုတိုးလာစေမယ့်အလုပ်တွေ ရွေးလုပ်ပါ။ ငါ ဘာလေး ကြိုက်တတ်လဲ၊ ဘာလေး သဘောကျလဲ ဆိုတာတွေ သိအောင် စပ်စုနေပါ။ သင့်ချစ်သူလို တခြားသူစိမ်းလူတစ်ယောက်အကြောင်းတောင် သိအောင်လုပ်နိုင်၊ မှတ်ထားနိုင်သေးတာပဲ။ ကိုယ့်ကိုယ်ကိုယ် ချစ်သူတော်ထားတာမို့လို့ ငါ့ကိုငါ ဒါလေး လက်ဆောင်ပေးမယ်၊ ဒီလိုလေး ပြုစုလိုက်မယ်၊ ဒါလေးချက်ကျွေးမယ် စသဖြင့်တော့ ဂရုစိုက်ရပါမယ်။ ငါ ဘာလေးလုပ်နေရရင် စိတ်ချမ်းသာတယ်လို့ ခံစားရတာတွေ ရှိလား စမ်းစစ်ကြည့်ပါ။ သင့်စားဝတ်နေရေး၊ အလုပ်အကိုင်၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးတွေကို မထိခိုက်စေဘူးဆိုရင် သင့်အတွက် အကောင်းဆုံးပါပဲ။ ဝါသနာပါတဲ့အရာလိုပါပဲ။ ဂီတနဲ့ ပတ်သတ်တာ၊ ပန်းချီဆွဲတာ၊ စာရေးတာ စသဖြင့် သင်ဝါသနာပါတာ တစ်ခုခုကို စိတ်တိုင်းကျ ဖန်တီးရတာမျိုးတွေက သင့်ကို စိတ်ထွက်ပေါက်ပေးနိုင်ပါလိမ့်မယ်။ စိတ်ကောင်းအမြဲထားတဲ့သူ၊ ကြင်နာတတ်တဲ့သူ၊ ကိုယ်ချင်းစာတတ်တဲ့သူ၊ နှစ်ဖက်တွေး နှစ်ဖက်မြင်တတ်တဲ့သူ၊ သူတစ်ပါးကို လေးလေးစားစား ယဉ်ယဉ်ကျေးကျေးဆက်ဆံတဲ့သူ၊ အရည်အချင်းရှိတဲ့သူကို လူတိုင်းချစ်ခင်ကြတယ်ဆိုတာ သတိရပါ။ ဒီလိုနေရင်းနဲ့ တစ်နေ့ထက်တစ်နေ့ သင့်ကိုယ်သင်ချစ်တတ်လာပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ ဖြတ်သန်းသွားနေတာကို ခံစားတွေ့ကြုံလာပါလိမ့်မယ်။
Source : Gurl