မိန်းကလေးဆိုတာမျိုးက အချော့ကြိုက်တယ်၊ ကိုယ့်ကို အလိုလိုက်တာမျိုးကို သဘောကျကြပါတယ်။ ကိုယ့်ကို ဦးစားပေးသလို သည်းသည်းလှုပ် ချစ်ပြတဲ့ ယောက်ျားမျိုးဆိုရင် ကြွေမှာပဲမဟုတ်လား။ ဒါပေမဲ့ ဒီလိုလူမျိုးတွေဟာ ယုံချင်စရာမကောင်းဆုံး ယောက်ျားတွေပါ။ သည်းသည်းလှုပ်ချစ်ပြတဲ့ ယောက်ျားတစ်ယောက်နဲ့ တွေ့ပြီဆို ဒီအချက်တွေကိုသာ တွေးကြည့်လိုက်ပါ။
၁။ ငြင်းခုံမှုမရှိတာ
ကိုယ်နဲ့သူ့ကြားမှာ အငြင်းပွားစရာ တစ်ခုခု ဖြစ်လာပြီဆိုပါစို့။ ဥပမာ ဘောပွဲလောင်းမိတာမျိုးပေါ့။ အဲ့ဒီအခါ " ငါက ယောကျ်ားလေးပဲ ဒါမျိုးတော့ အနည်းအကျဉ်း လုပ်မိမှာပဲ" ဆိုပြီး ပြောလာရင် စိတ်မဆိုးလိုက်ပါနဲ့။ သူက အမှန်ပြောနေတာပါ။ ဒီလိုမှမဟုတ်ဘဲ ကိုယ်ပြောတာကို စသလိုနောက်သလိုနဲ့ စကားလမ်းကြောင်းလွှဲပစ်တာမျိုးက နောက်ကွယ်မှာ ထင်တိုင်းကြဲမယ့်သဘောပါပဲ။
၂။ ကိုယ်အလုပ်များနေရင် စိတ်ကောက်တယ်
ချစ်သူကောင်း ယောက်ျားကောင်းဆိုတာ ကိုယ့်ကောင်မလေး အလုပ်များနေရင် နားလည်ပေးတတ်တာချည်းပါပဲ။ အလုပ်တွေကို ပစ်ထားပြီး အချိန်ရှိသ၍ အနားမှာပဲနေချင်တယ်လို့ တောင်းဆိုလာမယ်ဆို သင် ယုံနိုင်ပါ့မလား။
၃။ ကိုယ်မကြိုက်တဲ့လက်ဆောင်တွေဝယ်ပေးတယ်
ကိုယ်က ဒါတွေမကြိုက်လို့ မသုံးပါဘူးဆိုတာတောင် သူက အဆက်မပြတ် ဝယ်ပေးနေတယ်ဆိုတာ သင့်ကို သူ့အကြိုက်ပြောင်းလဲနေတာပါ။ ကိုယ်က ဆံပင်ရှည်တာ မကြိုက်ပေမယ့် သူက ခေါင်းစည်းကြိုး ဝယ်ပေးမှတော့ ဆံပင်အတိုညှပ်လို့ မရတော့ဘူးလေ။ သူပေးတာလေး သုံးပြဖို့ ဆံပင်ရှည်ထားရတယ်မဟုတ်လား။
၄။ ကိုယ့်ကိုပဲရွေးခိုင်းတယ်
ဘယ်သွားမလဲ၊ ဘာလုပ်မလဲ၊ ဘာစားမလဲဆိုပြီး ကိုယ့်ကိုပဲ ရွေးချယ်ခိုင်းနေတာက ချစ်လို့ ဦးစားပေးတာမျိုး ဟုတ်ချင်မှ ဟုတ်မှာပါ။ ဘာလို့လဲဆိုတော့ လူတိုင်းမှာ အကြိုက်ကိုယ်စီရှိကြတာချည်းပါပဲ။ ကိုယ့်ရှေ့မှာ ကိုယ့်အကြိုက်တွေချည်း တမင်လုပ်ပြနေတာဟာ သိပ်ပြီးမရိုးသားတဲ့သဘောပါပဲ။
၅။ ရည်းစားဟောင်းတွေကို မကောင်းပြောတယ်
ကိုယ်နဲ့တွေ့တဲ့အချိန်မှာ ပြတ်သွားတဲ့ရည်းစားတွေကို မကောင်းပြောတာ ယောက်ျားကောင်းတွေရဲ့အကျင့်နဲ့ မညီပါဘူး။ သူတို့ကို မကောင်းပြောပြီး ကိုယ့်ကိုအတင်းကာရော အကောင်းပြောနေတာမျိုးကို မျက်စိမှိတ် မယုံလိုက်ပါနဲ့။ ကိုယ့်ဆီက တစ်ခုခုတောင်းဆိုတာမျိုး လုပ်လာပါလိမ့်မယ်။ အခန့့်မသင့်လို့ ကိုယ်နဲ့လမ်းခွဲလိုက်ရင်တောင် နောက်လူကို ကိုယ့်အကြောင်း ဘယ်လိုတွေပြောမလဲဆိုတာ တွေးမိရင် ရင်မောစရာကြီးပါ။
၆။ အချစ်ကလွဲပြီး တခြားမပြောဘူး
တကယ်ချစ်ပြီဆို ဘဝကို အတူဖြတ်သန်းဖို့ ကြိုးစားကြတာချည်းပါပဲ။ တစ်နေ့တစ်နေ့ ဘယ်လောက်ချစ်တယ်၊ ဘယ်လိုချစ်တယ်ဆိုတာပဲ အဆက်မပြတ်ပြောပြီး ဘဝကို အတူရင်ဆိုင်ဖို့ တစ်ခွန်းမှ မဟတာဟာ မရေရာတဲ့အနာဂတ်ကို ထွေးပွေ့ထားရသလိုပါပဲ။
Source : Women's Mag