နွေရာသီဟာ တစ်နှစ်တာအတွင်း ပျော်စရာတွေများတဲ့ရာသီလည်း ဖြစ်ပါတယ်။ နွေမှာ ကျောင်းတွေပိတ်တယ်လေ။ သင်္ကြန်ဆိုလည်း ရက်ရှည် ရုံးပိတ်ဦးမှာ။ မိုးလိုလည်း စိုစွတ်မနေဘူး၊ ဆောင်းလိုလည်း ခိုက်ခိုက်တုန်မနေဘူး။ သွားချင်တဲ့နေရာကို ပေါ့ပေါ့ပါးပါး သွားလိုက်ရုံပါပဲ။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ နွေရာသီကတော့ အတော်ပူတာမို့ အပြင်ထွက်လာတာနဲ့ နေလောင်ဒဏ်ခံရတော့တာပါပဲ။ နွေနေပူပူဒဏ်ကြောင့် ကိုယ့်အလှမပျက်ဖို့ရာ အကြံကောင်းတချို့ မျှဝေမလို့ပါ။
၁။ နေရောင်ကာလူးဆေး
ခရမ်းလွန်ရောင်ခြည်ဟာ အသားအရေပျက်စီးရုံသာမက အရေပြားကင်ဆာပါ ဖြစ်စေနိုင်လို့ သတိထားပါ။ နေရောင်ကာလူးဆေး (sunscreen) ကို မဖြစ်မနေ လိမ်းဖို့ လိုအပ်ပါတယ်။ အနည်းဆုံး SPF 30 ရှိမှသာ နေရောင်ခြည်ကို ကာကွယ်နိုင်မှာပါ။ SPF 30 ပါဝင်တဲ့ နေရာင်ကာလူးဆေး မရှိလို့ SFP 15 ပါတ့ဲဟာကို နှစ်ကြိမ်ထပ်လိမ်းတာမျိုးက အလုပ်မဖြစ်ပါဘူး။ အပြင်မထွက်မီ ကြိုလိမ်းထားရပါမယ်။
၂။ နှုတ်ခမ်းလေးတွေ
နှုတ်လမ်းလေးတွေကိုလည်း အသားအရေလိုပဲ ဂရုစိုက်ရပါတယ်။ နေဒဏ်များများထိတဲ့နှုတ်ခမ်းက ဆေးလိပ်သောက်သူတွေရဲ့နှုတ်ခမ်းလို ညိုပုပ်ပုပ် ဖြစ်လာပါတယ်။ နှုတ်ခမ်းလိမ်းခရင်မ်ကိုလည်း SPF ပါဝင်တာ ရွေးပါ။
၃။ ဆံပင်
နေပူဒဏ်ဟာ ဆံပင်ကို ဆိုးဆိုးရွားရွား ပျက်စီးစေပါတယ်။ ဆံပင်အရောင် မွဲခြောက်လာမယ်၊ အဖျားနှစ်ခွဖြစ်မယ်။ ဒီ့ထက်မကတဲ့ ဆိုးကျိုးတွေ ပေးပါတယ်။ SPF ပါတဲ့ ဆံံပင်ဖြန်းဆေးကို အပြင်မထွက်မီ ဖြန်းထးပေးပါ။ နေပူထဲထွက်ရင် ထီးဆောင်းပြီးထွက်သင့်ပါတယ်။ ခဏခဏ ခေါင်းလျှော်တာမျိုးလည်း မလုပ်သင့်ပါဘူး။ ပူအိုက်လို့ ခေါင်းခဏခဏလျှော်ရင် ဆံပင်နဲ့ဦးရေပြားမှာရှိတဲ့ အဆီဓာတ်ခမ်းသွားပါလိမ့်မယ်။
၄။ အသားရေကို ဂရုစိုက်
ဆဲလ်သေတွေကို ဖယ်ရှားတဲ့ (exfoliation) လုပ်ပေးပါ။ နေပူထဲထွက်ရသူတွေအနေနဲ့ ညအိပ်ခါနီးတိုင်း ရေချိုးပြီးရင် အစိုဓာတ်ဖြည့်ခရင်မ်၊ body lotion လိမ်းပြီးမှအိပ်ပါ။ ခြေဖဝါး၊ လက်ဖဝါးတွေကလည်း ပိုမိုခြောက်သွေ့တာမို့ ထောပတ်သီးအဆီပါဝင်တဲ့ ခရင်မ်ကို လူးပေးသင့်ပါတယ်။
၅။ အစားအသောက်
ရေကို ၂ လီတာထက်မနည်း သောက်ရပါမယ်။ ချွေးပိုထွက်ရင် ရေပိုသောက်ပါ။ ရေဓာတ်ခမ်းရင် လူလည်း မကျန်းမာသလို အသားအရေလည်း မစိုပြေတော့ပါဘူး။ အပူအစပ်တွေ၊ အငံတွေ တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ ဆီလျှော့စားပါ။ ရေဓာတ်ပါတဲ့ သစ်သီးသစ်ရွက်တွေကို ပိုစားပေးမှ ကိုယ့်အလှကို ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။
Source : Everyday Health