အလှအပကို နှစ်သက်တဲ့ ကောင်မလေးထက် ဘောလုံးပွဲတွေကြည့်ရတာ ပိုသဘောကျတဲ့ ကောင်မလေးတစ်ယောက်လောက်နဲ့များ သိကျွမ်းပါသလား။ သိကျွမ်းရုံသာမက ချစ်သူပါဖြစ်ခွင့်ရထားတယ်ဆိုရင်တော့ သင်က အတော်ကို ပျော်ရွှင်နေရမယ့်လူပါပဲ။ ကိုယ်က ယောက်ျားလေးပီပီ ဘောလုံးပွဲကြိုက်တာကို နားလည်ပေးဖို့ဆိုတာ ဘောလုံးပွဲတွေကို နှစ်သက်အားပေးတဲ့ ကောင်မလေးတွေသာ တတ်နိုင်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့
၁။ ချုပ်နှောင်မှုနည်းပါး
ဘောလုံးပွဲဆိုတာမျိုးက ဘော်ဒါတွေနဲ့ ဘီယာလေးစုပ်ရင်း အားပါးတရ အော်ဟစ်အားပေးမှ ပိုပြီး အရသာရှိတာလေ။ ညဘက် အပေါင်းအသင်းတွေနဲ့ ဘောလုံးပွဲသွားကြည့်တာကိုလည်း သူမက ရစ်မှာမဟုတ်ပါဘူး။ တခါတလေဆို သူတောင် ကိုယ့်ဘေးမှာထိုင်ပြီး အတူတူကြည့်ဦးမှာပါ။
၂။ ရုပ်ရည်ထက် စိတ်ကိုဦးစားပေး
ယောက်ျားလေးပီပီ ကောင်မလေးချောချောလေးတွေကိုမြင်တိုင်း ငေးမိမှာပေါ့။ ဒါပေမဲ့ ကိုယ့်ချစ်သူလေးကိုတော့ စိတ်ရင်းနဲ့ချစ်မိတာ သေချာပါတယ်။ ဘောလုံးပွဲကြိုက်တဲ့ ကောင်မလေးတွေက ညဉ့်နက်အောင် ဘောပွဲကြည့်လို့ မနက်ဘက် အိပ်ရေးမဝ ၊ မလှမပ ဖြစ်ရတယ်လေ။ ဒါလေးကိုမှ ချစ်နေမိတယ်ဆိုတော့ ကိုယ်က သူမရဲ့ရုပ်ရည်ထက် စိတ်ကိုချစ်တယ်ဆိုတာ သေချာပါတယ်။
၃။ ဘော်ဒီမိုက်မိုက်
ဘောလုံးပွဲကြည့်ရတာ အရူးအမူးကြိုက်တယ်ဆိုရင် ဘောလုံးကန်ဖို့ကိုလည်း စိတ်အားထန်သန်လာတာချည်းပါပဲ။ ဒီတော့ သူမကသာ ဘောလုံးကန်ရတာ ဝါသနာပါသူဆိုရင် အဆီပိုတွေမရှိ၊ ခပ်တောင့်တောင့်ဘော်ဒီလေး ဖြစ်နေမှာပေါ့။
၄။ ကိုယ့်အပေါ်သစ္စာရှိ
သူမရဲ့စိတ်က ဘောလုံးသမားတွေဆီမှာပဲ ရှိနေတာဆိုတော့ ရိုနယ်လ်ဒို၊ ရွန်နေး၊ မက်ဆီတို့ဆိုတာ သင့်ကောင်မလေးကို လာလုမယ့်လူတွေ မဟုတ်ပါဘူး။ အချိန်ပြည့် ခေါင်းထဲမှာ ဘောလုံးအကြောင်းပဲတွေးနေတော့ တခြားလူနောက် ပါသွားမှာ သိပ်မစိုးရိမ်ပါနဲ့။ သူမရဲ့စိတ်ထဲမှာ သင်နဲ့ အကြိုက်ဆုံးဘောလုံးသမားတွေသာ လွှမ်းမိုးထားတာပါ။
၅။ ပိုရင်းနှီးတယ်
တခြားစုံတွဲတွေထက် ပိုပြီး ရင်းရင်းနှီးနှီးလည်း ရှိပါတယ်။ ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်းပြောပြီး ပတ်ချွဲနှပ်ချွဲတွေ မလုပ်တတ်တော့ ကိုယ်နဲ့ ဘော်ဒါလိုလည်း ပေါင်းလို့ရတယ်လေ။ ကိစ္စတစ်ခုခုရှိလို့ တိုင်ပင်ကြည့်တဲ့အခါ ကိုယ့်အတွက် အကောင်းဆုံးအကြံဉာဏ်တွေ ပေးမယ့် ကောင်မလေးမျိုး ဖြစ်ပါတယ်။