"ယောက်ျားမှာဖိနပ်၊ မိန်းမမှာနားကပ်" ဆိုတဲ့ စကားလည်း ရှိတယ်မဟုတ်လား။ မိန်းကလေးတွေဟာ နားကပ်ကို ဂရုတစိုက် တန်ဖိုးထား ဝတ်ဆင်ကြပါတယ်။ တန်ဖိုးကြီး စိန်ရွှေတွေမှ မဟုတ်ပါဘူး ဖက်ရှင်အတွက် လိုက်ဖက်အောင်လည်း ဝတ်ကြပါသေးတယ်။ နားကပ်ဝတ်နေရင်း နောက်ပိတ်လေးများ ပြုတ်ကျသွားလို့ကတော့ မျက်စိမူးနောက်အောင် ရှာရတော့တာပါပဲ။ နောက်ပိတ်လေးတွေက သေးသေးကွေးကွေးဆိုတော့ ရှာရခက်တယ်လေ။
နားကပ်ဖြစ်ဖြစ်၊ နောက်ပိတ်ဖြစ်ဖြစ် ပြုတ်ကျသွားတယ်ဆို အသံကြားလိုက်သလားလို့ ပြန်တွေးပါ။ အသံကြားလိုက်တယ်ဆိုရင် ကြမ်းပြင်မှာ ရှာရမှာပေါ့။ တစ်ခါတစ်လေဆို ကိုယ့်အကျႌမှာပေါ်မှာပဲ ကပ်နေတာမျိုး ဖြစ်တတ်ပါတယ်။ ပြုတ်ကျသံ မကြားလိုက်ဘူးဆိုရင် ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ အရင်ဆုံးရှာကြည့်ပါဦး။ အကျႌ၊ ဆံပင်၊ ဘရာစီယာကြားတွေမှာ ကပ်ရင်ကပ်နေပါလိမ့်မယ်။
မတွေ့ဘူးဆိုရင်တော့ ကြမ်းပြင်မှာ ဆက်ရှာရပြီလေ။ ဖုန်းရဲ့ flash မီးကို သုံးဖို့ လိုအပ်ပါတယ်။ အခန်းမီးကို ပိတ်လိုက်ပါ။ ဖုန်းမီးနဲ့ တစ်နေရာချင်းစီကို ဖြည်းဖြည်းချင်း ရှာကြည့်ပါ။ သာမာန်အလင်းရောင်နဲ့ဆို မျက်စိလျှမ်းတတ်ပါတယ်။ အခန်းကို အမှောင်ချပြီး ဆလိုက်မီးထိုးသလိုမျိုး ရှာတာက မြန်မြန်တွေ့မယ့်နည်းလမ်းပါ။ ဖြစ်နိုင်သမျှ လူက နေရာမရွေ့ပါနဲ့။ ပြုတ်ကျတဲ့နေရာ အနီးတဝိုက်မှာပဲ ပြန်ရှာတွေ့ပါလိမ့်မယ်။
နောက်တစ်နည်းကတော့ ဖုန်စုပ်စက်ကို သုံးပြီး ရှာတဲ့နည်း ဖြစ်ပါတယ်။ ဖုန်စုပ်စက်အပေါက်ကို ခြေအိတ်နဲ့ဖြန့်ကားပိတ်ပြီး ခလုတ်ဖွင့်လိုက်ပါ။ ချောင်ကြိုချောင်ကြားတွေကို ဖုန်စုပ်စက်နဲ့စုပ်ကြည့်လိုက်ရင် နားကပ်နောက်ပိတ်လေးက ဖုန်စုပ်စက်အပေါက်ဝမှာ ပိတ်ထားတဲ့ ခြေအိတ်မှာ ကပ်ငြိပါလာပါလိမ့်မယ်။
Source : She Finds