ကလေးတစ်ယောက်အနေနဲ့ ဆော့ကစားပေါ့ပါးပျော်ရွှင်မှုတွေအစား သိတတ်မှုတွေသာ သူမမှာရှိနေပါတယ်။
 

ဝမ်အန်နာ ဆိုတဲ့ အသက်ငါးနှစ်အရွယ် ကလေးမလေးရဲ့ သိတတ်လိမ္မာပုံက မြင်ရသူတွေကို ချစ်ခင်ကြည်နူးစေပါတယ်။ အန်နာက တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Zunyi မြို့၊ တောင်ပေါ်ဒေသလေးမှာ နေထိုင်ပါတယ်။ အန်နာရဲ့အိမ်ကို သတင်းထောက်တစ်ဦးရောက်သွားချိန်မှာတော့ သူမရဲ့ သိတတ်မှုတွေကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

မိဘဘိုးဘွားတွေလက်မှာ အပူပင်ကင်းစွာ နေထိုင်ရမယ့်အစား အန်နာလေးက အဘွားနဲ့ ဘွားဘွားကြီးကို ပြုစုစောင့်ရှောက်နေသူလေးပါ။ အန်နာရဲ့ဖခင်က ထောင်ကျနေပါတယ်။ မိခင်ကလည်း နောက်အိမ်ထောင်ပြုသွားလို့ အိမ်လေးထဲမှာ သူမတို့ သုံးယောက်တည်း နေနေရတာဖြစ်ပါတယ်။ အဘွားဖြစ်သူက အဆစ်ရောင်နာရှိနေလို့ လှုပ်ရှားရတာလည်း ခက်ခဲနေပါတယ်။ အသက် ၉၂ နှစ်အရွယ် ဘွားဘွားကြီးကလည်း အိုမင်းလွန်းနေတာကြောင့် ကိုယ့်ကိုယ်ကိုယ်တောင် မထိန်းနိုင်ပါဘူး။

လိမ္မာလွန်းတဲ့ အန်နာလေးဟာ အဘွားနဲ့ ဘွားဘွားကြီးရဲ့ ဝေယျာဝစ္စတွေကိုလည်း ကိုယ်ပိုင်အသိစိတ်နဲ့ လုပ်ကိုင်ပေးပါတယ်။ နေ့စဉ်နေ့တိုင်း မနက်စောစောထလို့ အဘွားတွေအတွက် ချက်ပြုတ်ရပါတယ်။ အိမ်နီးချင်းတွေက အန်နာတို့ကိုသနားပြီး ခြံထဲကဟင်းရွက်တွေကို ခူးခွင့်ပေးတားပါတယ်။ ဒါကိုလည်း သူမကပဲ တောင်းလေးလွယ်ကာ သွားခူးပြီး ချက်ပြုတ်ကြော်လှော်ရရှာတာပါ။ အိမ်အလုပ်တွေအားလုံးကိုလည်း အန်နာလေးကပဲ လုပ်ရပါတယ်။

 

သူတို့ကိုမြင်ရတိုင်း အိမ်နီးချင်းတွေမှာ ဝမ်းနည်းကရုဏာသက်ရပါတယ်။ အန်နာကတော့ အဘွားနဲ့ဘွားဘွားကြီးတို့ကို နေ့တိုင်း စောင့်ရှောက်ပေးချင်ပြီး သူတို့ကျန်းမာပါစေလို့ပဲ ဆုတောင်းနေတယ်လို့ သတင်းထောက်ကို ပြောခဲ့ပါတယ်။

Source : Mail Online

Share

Loading Next Article...
က္က