သူငယ်ချင်းတွေဟာ ဘဝထဲက အဖိုးတန်တဲ့အရာတွေပါ။ စိတ်ချင်း၊ လူချင်း ရင်းနှီးပြီး အပြန်အလှန် နားလည်ဖေးမပေးတဲ့ သူငယ်ချင်းကောင်းဆိုတာလည်း များများစားစား မရှိလှပါဘူး။ အဲ့ဒီလို ရှားပါးတဲ့ သူငယ်ချင်းလေးဟာ အလုပ်တွေများလွန်းလို့ အချိန်မပေးနိုင်ဖြစ်နေရတဲ့ ကိုယ့်ကို အရင်လို တရင်းတနှီးမရှိတော့ဘဲ စိတ်ချင်းဝေးသွားပြီဆို နှမျောစရာကောင်းပါတယ်။ သူငယ်ချင်းကောင်း ဘော်ဒါကောင်းကို ဆုံးရှုံးမခံနိုင်ဘူးမဟုတ်လား။ စိတ်ချင်းဝေးသွားတဲ့ သူငယ်ချင်းနဲ့ ပြန်လည်ရင်းနှီးဖို့ရာ ဒါတွေလုပ်ကြည့်ပါ။
၁။ ဖေ့စ်ဘွတ်မက်ဆေ့
အလွယ်ဆုံးကတော့ ဖေ့စ်ဘွတ်ကနေ မက်ဆေ့ပို့ပြီး သတင်းမေးတာဖြစ်ပါတယ်။ ကိုယ်အလုပ်တွေ အရမ်းများနေတာနဲ့ စပြောပြီး သူ့ကို ပစ်ပယ်ထားတာမဟုတ်ကြောင်း ပြောပြသင့်ပါတယ်။ ကိုယ်ဘာတွေလုပ်နေတယ်ဆိုတာကိုလည်း ထည့်ပြောဖို့ မမေ့ပါနဲ့။ သူ့အကြောင်းကိုလည်း မေးမြန်းရင်း တစ်ရက်လောက်ဆုံဖို့ အစီစဉ်လေးဆွဲလိုက်ပေါ့။
၂။ အရင်အကြောင်းတွေ
နှစ်ယောက်အတူ ပြုလုပ်ခဲ့တဲ့ ပျော်စရာလေးတွေကို ပြန်ပြောပါ။ ခရီးအတူသွားခဲ့တာ၊ ကျောင်းပြေးခဲ့ကြတာမျိုးလို ပျော်စရာလေးတွေက ကိုယ်နဲ့သူ့ကြားက အမှတ်တရတွေပါပဲ။ တစ်ခုပြီးတစ်ခု ပြောသွားရင်းနဲ့ အရင်လို ပြန်နွေးထွေးတဲ့ အနေအထားကို ရောက်လာနိုင်ပါတယ်။
ဆက်စပ်ဖတ်ရှုနိုင်မည့်ဆောင်းပါး ---> တကယ် သင်လိုတာက သူငယ်ချင်း (၃) မျိုးတည်းပါ
၃။ လက်နဲ့ရေးတဲ့စာ
ကိုယ့်ရဲ့လက်ရေးလေးနဲ့ ရေးထားတဲ့ ပို့စ်ကတ်လေးတွေ ပို့ပေးကြည့်ပါလား။ ကျောင်းတက်တည်းက ခင်လာခဲ့သူဆိုရင် ဒီပို့စ်ကတ်လေးကြောင့် ချက်ခြင်းပဲ ပြန်အဆင်ပြေသွားပါလိမ့်မယ်။ ဖုန်းတွေ ကွန်ပျူတာတွေပေါတဲ့ ခေတ်ကြီးထဲမှာ ကိုယ့်လက်ရေးလေးနဲ့ ရေးထားတာလေးဟာ နူးညံ့နွေးထွေးမှုကို ပြသရာရောက်ပါတယ်။
၄။ ဖုန်းပြောဖို့ အချိန်ရွေး
အလုပ်ထဲမှာရောက်နေလို့ ၊ တခြားကိစ္စတွေရှိလို့ စကားမပြောနိုင်တာကို နားလည်ပါ။ ဘယ်အချိန်လောက် ဖုန်းအေးဆေးပြောနိုင်မလဲဆိုတာ မေးလိုက်ပါ။ များသောအားဖြင့်တော့ အိပ်ခါနီးအချိန်တွေဆို အိပ်ရာထဲမှာ ဖုန်းပြောဖို့ အချိန်ရပါတယ်။ အဲ့ဒီအချိန်မှာ အရင်ကအကြောင်းတွေ ပြန်ပြောတာ၊ တစ်ယောက်နဲ့တစ်ယောက် ဘာတွေလုပ်နေတယ်ဆိုတာတွေ မျှဝေပြောပြသင့်ပါတယ်။
၅။ လက်ဆောင်
ကြိုမပြောထားဘဲ လက်ဆောင်တစ်ခုလောက် ပို့ကြည့်ပါ။ ဈေးကြီးဖို့လည်း မလိုပါဘူး။ အဓိကက သူပျော်သွားဖို့ပါပဲ။ သူငယ်ချင်းရဲ့အကြိုက်ကိုလည်း ကိုယ်က သိပြီးသားပဲဥစ္စာ ဝယ်ရလွယ်မှာပါ။
၆။ အသစ်တစ်ခု
နှစ်ယောက်လုံး မလုပ်ဖူးတဲ့ အရာတစ်ခုခုကို လုပ်ကြည့်ပါ။ မစားဖူးတာ အတူစားတာမျိုး၊ ခရီးသွားတာ၊ လှုပ်ရှားမှုတစ်ခုခု ပြုလုပ်တာမျိုး ပြုလုပ်သင့်ပါတယ်။ ဒီလိုဆိုရင်တော့ အေးစက်သွားတဲ့ ဆက်ဆံရေးဟာ ပြန်လည်နွေးထွေးရုံသာမက အရင်ထက်တောင် ပိုခိုင်မြဲသွားမှာ သေချာပါတယ်။
Source : Women'sday
Share