ရန်ကုန်ရဲ့အတိုင်းအတာက ၁၈ ရာခိုင်နှုန်းရှိတယ်။ ၁၀၀ မှာ ၁၈ ယောက်ဖြစ်နေတယ်။
 

ရန်ကုန်မြို့မှာ  ဆီးချိုရောဂါဖြစ်ပွားနှုန်းဟာ တစ်နိုင်ငံလုံးမှာ  အများဆုံးဖြစ်နေပြီး လူဦးရေ ၁၀၀ မှာ ၁၈ ဦးနှုန်း ဖြစ်ပွားနေတယ်လို့  ရန်ကုန်ဆေးတက္ကသိုလ် (၂)၊ ဆီးချိုနဲ့ ဟော်မုန်းရောဂါအထူးကုဌာန ပါမောက္ခဦးကိုကိုက ပြောကြားလိုက်ကြောင်း သိရပါတယ်။

‘‘တိုင်းနဲ့ပြည်နယ် ၁၄ ခုစလုံးကို ကျွန်တော်တို့ လုပ်ပြီးသွားပြီ။ နံပါတ် (၁) ဟာ  ရန်ကုန်ပဲ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၁၀ ဒသမ ၅ လို့ပြောပေမယ့် ရန်ကုန်ရဲ့အတိုင်းအတာက ၁၈ ရာခိုင်နှုန်းရှိတယ်။ ၁၀၀ မှာ ၁၈ ယောက်ဖြစ်နေတယ်’’ လို့ ပါမောက္ခ ဦးကိုကို က ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

ဒီလိုများပြားရခြင်းဟာ  အခြားတိုင်းနဲ့ပြည်နယ်တွေနဲ့နှိုင်းယှဉ်လိုက်ရင်  လူဦးရေထူထပ်ခြင်း၊ ရေသောက်သုံးခြင်းထက် အချို ရည်၊ လက်ဖက်ရည်တွေ သောက်သုံးခြင်း၊ အဆီများတဲ့ ဟမ်ဘာဂါ၊ ချိစ်တွေစားသုံးကြခြင်း၊ တီဗီ၊ ဂိမ်း စတာတွေကို ကြည့်ရှုခြင်း၊ လေ့ကျင့်ခန်း ပုံမှန်မလုပ်ဆောင်ခြင်း စတဲ့နေထိုင်စားသောက်မှုပုံစံ မှားယွင်းမှုတွေကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

 

‘‘အရင်ကဆို မျက်စိကွယ်ရ တဲ့အကြောင်းရင်းက မျက်ခမ်းစပ်ရောဂါဖြစ်လို့။ အခုကျတော့ နံပါတ် (၁) မျက်စိအကွယ်ဆုံးအနေနဲ့ ဆီးချိုဖြစ်နေတယ်။ ပြီးတော့ ကျောက်ကပ်အားနည်းပြီးတော့ ကျောက်ကပ်ဆေးတာတွေရဲ့ တစ်ဝက်တိတိက ဆီးချိုဖြစ်နေတယ်။ ဆီးချိုသမား ၁၀၀ မှာ ၇၀ လောက်က နှလုံးသွေးကြောပိတ်ပြီး သေတာဖြစ်နေတယ်။ ဆီးချိုသမားတွေက လေဖြတ်တယ်။ ခြေထောက်တွေ ဖြတ်ရတယ်။ ကျောက်ကပ်ဆေးရတယ်။ ဒါကြောင့် ဒီနောက်ဆက်တွဲဆိုးကျိုးတွေကို ကြိုတင်ကာကွယ်ဖို့လိုတယ်။ ဆီးချိုရောဂါက အမြစ်ပြတ်အောင် ကုလို့မရဘူး။ ဒါပေမဲ့ ထိန်းထားလို့ရတယ်။ မှန်မှန်ထိန်းထားရင် နောက်ဆက်တွဲမဖြစ်အောင် ကာကွယ်လို့ရတဲ့အတွက်ကြောင့် ကြိုသိပါ၊ ကြိုထိန်းပါ’’ လို့ ဦးကိုကိုက အကြံပြုထားကြောင်း သတင်းမှာ ဖော်ပြပါတယ်။

ဆီးချိုရောဂါမဖြစ်ပွားဖို့အတွက် ဟင်းသီးဟင်းရွက်များများစားဖို့ ၊ အချို၊ အငန်၊ အဆီများတဲ့ အစားအစာတွေကို ရှောင်ကြဉ်ဖို့နဲ့ ရေဆာရင် ရေများများသောက်ဖို့လိုအပ်တာ ဖြစ်ပါတယ်။

 

တစ်နေ့ကို နာရီဝက်လေ့ကျင့်ခန်းပြုလုပ်ဖို့၊ အဝမလွန်စေဖို့ သတိပြုဆင်ခြင်ရမှာဖြစ်ပြီး ရောဂါဖြစ်ပွားပါကလည်း နောက်ဆက်တွဲ ဆိုးကျိုးတွေ မခံစားရစေဖို့ ဆရာဝန်နဲ့ မှန်မှန်စစ်ဆေးတာ၊ တစ်နှစ်တစ်ခါ မျက်စိစစ်ဆေးတာ၊ ECG ရိုက် ခြင်း၊ အဆီဓာတ်စစ်ဆေးခြင်း၊ ကျောက်ကပ်စစ်ဆေးခြင်းတို့ပြုလုပ်ရမှာဖြစ်ပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကောက်ယူထားတဲ့ ဆီးချို၊ သွေးချိုစစ်တမ်းအရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသက် (၂၅)မှ (၆၅)နှစ်ကြားအရွယ်တွေမှာ ဆီးချိုရောဂါဖြစ်ပွားမှုဟာ ၁၀ ဒသမ ၅ ရာခိုင်နှုန်းရှိကာ အမျိုးသားတွေမှာတော့  ၉ ဒသမ ၁ ရာ ခိုင်နှုန်း၊ အမျိုးသမီးတွေမှာတော့ ၁၁ ဒသမ ၈ ရာခိုင်နှုန်းဖြစ်ပွားပြီး မြို့ပြမှာ ၁၄ ရာခိုင်နှုန်းနဲ့ ကျေးလက်မှာ ၉ ရာခိုင်နှုန်းမှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - လက်ဆစ်ချိုးခြင်းက လက်ချောင်းများကို ထိခိုက်မှု မဖြစ်စေနိုင် )

Source:7Day Daily

Photos: kuni.photoshelter, Urbia


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က