ဘယ်လိုသင်တန်းတွေက ဆယ်ကျော်သက်တွေနဲ့ ကိုက်ညီမလဲဆိုတာကို Duwun က ကူညီစဉ်းစားပေးထားပါတယ်။ အားလပ်ရက်တွေကို အကျိုးရှိရှိနဲ့ ဖြတ်သန်းသွားမယ်ဆို နောင်တစ်ချိန်မှာ ကိုယ့်အတွက်ကောင်းတဲ့အကျိုးသက်ရောက်မှုတွေ ပြန်လည်ရရှိပါလိမ့်မယ်။
ငယ်ရွယ်တုန်းအချိန်မှာ အားကစားလေ့လာလိုက်စားရင် ခန္ဓာကိုယ် ဖွံ့ဖြိုးမှုအတွက် ကောင်းကောင်းကြီး အထောက်အကူပြုပါတယ်။ နွေရာသီမှာဆိုရင် ရေကူးသင်တန်းတွေကလည်း သာမာန်အချိန်ထက် ပိုပြီး တန်းခွဲတွေ ပိုဖွင့်လာကြပါတယ်။ ရေကူးတာက တစ်လလောက်ဆို ကောင်းကောင်းကူးတတ်သွားပါပြီ။ ရာသီဥတုကလည်း ပူတော့ ရေကူးသင်တန်းလေးတက်ရတာ မဆိုးဘူးပေါ့။ အရပ်ကိုလည်း ရှည်စေပါတယ်။
နောက်တစ်ခုကတော့ တင်းနစ်ရိုက်၊ ကြက်တောင်ရိုက်တို့လို အားကစားတွေကိုလည်း ပိုပြီး အချိန်ပေးလေ့လာနိုင်ပါတယ်။ ခုခေတ်မိန်းကလေးတွေကြားမှာ ရေပန်းစားလာတာကတော့ ကိုယ်ခံပညာ သင်တန်းကျောင်းတွေပါ။ မြန်မာ့လက်ဝှေ့၊ ဂျူဒို၊ ကရာတေး၊ မြန်မာ့သိုင်း စတဲ့ သင်တန်းတွေကို တတ်ထားတာလည်း မမှားပါဘူး။ ဒါတွေကလည်း ခန္ဓာကိုယ် ကြံ့ခိုင်ဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေပါတယ်။ Gym သွားပြီး ကိုယ်ကာယကြံ့ခိုင်ဖွံ့ဖြိုးရေးအတွက် အားကစားလုပ်တာတွေကို ရွေးမယ်ဆိုလည်း ကောင်းပါတယ်။
အနုပညာပိုင်းမှာဆိုလည်း သီချင်းဆိုသင်တန်း၊ ဂစ်တာတီးသင်တန်း စတာတွေ အမျိုးမျိုး ရှိပါတယ်။ ဂစ်တာတီး အခြေခံသင်တန်းဆိုရင် ၃ လလောက်တော့ တက်ရပါတယ်။ သင်တန်းကြေးကတော့ ကျပ်ငါးသောင်းဝန်းကျင်လောက် ရှိပါတယ်။ အကသင်တန်းတွေဆိုရင်လည်း နာမည်ကျော် အကပညာရှင်တွေ ဖွင့်လှစ်ထားတဲ့ သင်တန်းတွေ ရှိတာမို့ ကိုယ်နှစ်သက်ရာသင်တန်းကို ရွေးချယ်နိုင်ပါတယ်။
အကသင်တန်းတွေကတော့ အခြေခံမှာဆိုရင် တစ်လခွဲလောက် တက်ရပါတယ်။ သင်တန်းကြေးကတော့ ကျပ် ၂ သိန်း ဝန်းကျင် ရှိပါတယ်။ ပန်းချီသင်တန်းတွေလည်း ရှိပါတယ်။ ပီယာနို၊ တယော စတဲ့ သင်တန်းတွေလည်း ရှိပါသေးတယ်။ ဒါတွေကတော့ တစ်ဦးချင်းသင်ပေးတာများတာမို့ သင်တန်းကြေးက အမျိုးမျိုး ကွဲပြားပါတယ်။
ခေတ်ကိုက ကျား၊မ မခွဲခြားဘဲ တန်းတူ လုပ်နိုင်ကိုင်နိုင်တဲ့ခေတ် မဟုတ်လား။ လက်ဝှေ့သင်တန်းတက်ချင်တဲ့ မိန်းကလေးတွေလည်း ရှိသလို မုန့်ဖုတ်သင်တန်း တက်ချင်တဲ့ ယောက်ျားလေးတွေလည်း ရှိတာပဲ။ အစားအသောက် ပြုလုပ်နည်း သင်တန်းတွေထဲမှာမှ ကိတ်မုန့်၊ ပေါင်မုန့် ပြုလုပ်နည်းသင်တန်း၊ ဂျပန်အစားအစာ၊ အီတလီအစားအစာ၊ မြန်မာမုန့်အမျိုးမျိုး ပြုလုပ်နည်း သင်တန်းတွေလည်း တက်သင့်ပါတယ်။ အလှပန်းအိုးထိုးနည်း၊ တက်တင်းထိုးနည်းတွေကတော့ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ အာရုံလေးစိုက်ပြီးလုပ်ရတာကြိုက်တဲ့ ကလေးတွေအတွက် သင့်တော်ပါလိမ့်မယ်။
နွေရာသီရောက်လာခြင်းနဲ့အတူ အားလပ်ရက်တွေကိုလည်း ပိုင်ဆိုင်လာရပြီဖြစ်ပါတယ်။ နွေနေရဲ့ ပူပြင်းမှုနဲ့အတူ လူအတော်များများကတော့ ခရီးထွက်ဖို့ ပြင်ဆင်တာ၊ အားလပ်ရက်အနားယူဖို့ ပြင်ဆင်တာတွေ ရှိနေပါတယ်။ ဒါပေမယ့် နွေရာသီအားလပ်ရက်မှာ သင့်အချိန်တွေကို အဖိုးတန်အချိန်အဖြစ် ပြောင်းလဲပစ်ဖို့ ပညာရပ်တစ်ခုကိုလေ့လာတာကလည်း ရွေးချယ်သင့်တဲ့ကိစ္စ တစ်ခုဖြစ်ပါတယ်။ သင့်အတွက် ရေရှည်အကျိုးရှိစေမှာ ဖြစ်သလို သူငယ်ချင်းသစ်တွေကိုလည်း ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီလိုလေ့လာမယ်ဆိုရင်တော့ အရင်ဆုံး စဉ်းစားသင့်တာက ဘာသာစကားပါ။
အင်္ဂလိပ်ဟာ ကမ္ဘာပေါ်မှာ အပြောများဆုံး အင်္ဂလိပ်စာအဖြစ်ရှိနေဆဲပါ။ ကမ္ဘာပေါ်က လူ ၅ ယောက်မှာ ၁ ယောက်ဟာ အင်္ဂလိပ်စကားမပြောတတ်ဘူးဆိုရင်တောင်မှ အနည်းငယ် နားလည်နိုင်စွမ်းရှိပါတယ်။ ရန်ကုန်မှာ အင်္ဂလိပ်စာ တက်မယ်ဆိုရင်တော့ AC လို့ ခေါ်တဲ့ အမေရိကန်စင်တာနဲ့ BC လို့ ဗြိတိသျှကောင်စီက အင်္ဂလိပ်စာ သင်တန်းတွေကို အရွေးများကြပါတယ်။
ဒါပေမယ့် ဒီသင်တန်းတွေက ဝင်ခွင့်စာမေးပွဲဖြေရပြီး ကိုယ်တက်ရမယ့်သင်တန်း လူပြည့်နေတဲ့အခါ စောင့်ရတာမျိုး ရှိပါတယ်။ သင်တန်းကြေးအရမှာလည်း မြင့်မားမှုရှိပါတယ်။ အပြင်ဘက်သင်တန်းကျောင်းတွေမှာဆိုရင်တော့ အစဉ်အလာကြီးမားပြီး ဈေးနှုန်းလည်း သင့်တင့်တဲ့ Y.E.S, Success, ဦးမြကြိုင်, ဦးဝင်းနိုင်နဲ့ စတဲ့သင်တန်းပေါင်းများစွာရှိပါတယ်။ အောက်ပါလင့်ခ်တွေကနေ ဖေ့စ်ဘွတ်မှာ အဆိုပါ သင်တန်းကျောင်းတွေကို လေ့လာနိုင်ပါတယ်။
တရုတ်စာကလည်း အင်္ဂလိပ်ပြီးရင် ဒုတိယရွေးချယ်ရမယ့် ဘာသာစကားပါ။ တရုတ်တင်မကဘဲ စင်္ကာပူ၊ ထိုင်ဝမ် စတဲ့နေရာတွေမှာလည်း တရုတ်စကားတတ်ခြင်းဟာ အားသာချက်ရှိပါတယ်။ တရုတ်ဟာ အိမ်နီးချင်းနိုင်ငံကြီးတစ်ခုဖြစ်တဲ့အပြင် ပြည်တွင်းရင်းနှီးမြှပ်နှံမှု အများဆုံးဖြစ်တာကြောင့် ပြည်တွင်းမှာ တရုတ်စကားကို အင်တိုက်အားတိုက် လေ့လာသူတွေရှိနေတာ အတော်ကြာပါပြီ။ အင်္ဂလိပ်စာ မသင်ချင်တာကြောင့် တခြားဘာသာစကားတစ်ခု သင်ချင်တယ်ဆိုရင် တရုတ်ဘာသာစကားဟာ ရွေးချယ်သင့်ဆုံးပါပဲ။
ဂျပန်ယဉ်ကျေးမှုနဲ့ ကိုရီးယားယဉ်ကျေးမှုတို့ကို စိတ်ဝင်စားတယ်ဆိုရင်လည်း ဂျပန်စာ၊ ကိုရီးယားစာတွေကို လေ့လာဖို့ စဉ်းစားသင့်ပါတယ်။ ခုနောက်ပိုင်း ကိုရီးယားနဲ့ဂျပန်က အလုပ်ခေါ်ယူမှုတွေမြင့်မားလာတဲ့ အပြင် ကျောင်းသွားတက်သူတွေလည်း ရှိပါတယ်။ ဂျပန်တက္ကသိုလ်အချို့ဟာ ပညာသင်ဆုတွေကို အနောက်နိုင်ငံတက္ကသိုလ်တွေလို ပေးအပ်နေတာမျိုး ရှိပါတယ်။ တချို့တွေကတော့ ပြင်သစ်၊ ဂျာမန်နဲ့ ဥရောပနိုင်ငံတွေက ဘာသာစကားတွေကိုလည်း လေ့လာကြပါတယ်။ ဒီဘာသာရပ်တွေကိုတော့ အင်္ဂလိပ်စာကျွမ်းကျင်မှသာ သင်ယူဖို့ အကြံပေးချင်ပါတယ်။
ဘာသာစကားတွေအစား အိုင်တီဘက်ကို စိတ်ဝင်စားပြီး အိုင်တီနယ်ပယ်ထိပါ ခြေလှမ်းဖို့ ပြင်ဆင်ထားတဲ့ ကျောင်းသားတွေအတွက် အိုင်တီနည်းပညာနဲ့ပတ်သက်တဲ့ သင်တန်းတွေကိုလည်း စဉ်းစားသင့်ပါတယ်။ အထူးသဖြင့် အားလပ်ရက်ရထားတဲ့ ကျောင်းသားငယ်တွေအနေနဲ့ အိုင်တီဘက်ကို သွားဖို့ စဉ်းစားထားတယ်ဆိုရင် ခုချိန်ကတည်းက အခြေခံသင်တန်းတွေကို တက်ထားသင့်တာ ဖြစ်ပါတယ်။
ပညာရပ်တွေကို အားလပ်ရပ်မှာ လေ့လာတယ်ဆိုပေမယ့် ရေရှည်လေ့လာနိုင်ရင် ပိုကောင်းပါတယ်။ သတိထားရမှာက အစပိုင်းမှာ အခက်အခဲ ဖြစ်ပြီး နောက်ပိုင်းမှာလည်း ပျော်စရာ ကောင်းမလာဘူးဆိုရင်တော့ သင်ကြားမှုပုံစံနဲ့ သင်နဲ့ မကိုက်ညီတာမျိုး ဖြစ်နေတတ်ပါတယ်။ ဒီ့အတွက် သင်နဲ့ကိုက်ညီမယ့် ဆရာတစ်ယောက် ရဖို့ကလည်း အရေးကြီးပါတယ်။ ဘာသာစကား၊ အိုင်တီနဲ့စတဲ့ပညာရပ်တွေကို ဆရာနဲ့ နှစ်ဦးတည်း သင်ယူချင်တယ်၊ သုံးလေးငါးယောက် ဝိုင်းဖွဲ့ပြီး သင်ချင်တယ်ဆိုရင်တော့ ဆရာတွေကို အလွယ်တကူ စုစုစည်းစည်း ရှာဖွေလို့ရမယ့် ပြည်တွင်းဝက်ဆိုက်လေးတစ်ခုရှိပါတယ်။
Sayar.com.mm ဆိုတဲ့ ဝက်ဆိုက်လေးဟာ မြန်မာနိုင်ငံမှာ အခမဲ့ အသုံးပြုလို့ရတဲ့ ဆရာရှာဖွေရေးဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ အင်္ဂလိပ်၊တရုတ်၊ ဂျပန်၊ထိုင်း၊ ပြင်သစ်ကစလို့ ဟင်ဒီနဲ့ သက္ကတထိ သင်ကြားချင်တဲ့ ဘာသာရပ်အလိုက် ဆရာရှာဖွေလို့ရပါတယ်။ အခြားစီးပွားရေးနဲ့ အိုင်တီနည်းပညာရပ်ဆရာတွေကိုလည်း ရှာဖွေလို့ရပြီး ဘာသာရပ်ပေါင်း ၅၅ ခုနဲ့ ဆရာပေါင်း ၄၀၀ ကျော်ကို ဝက်ဆိုက်ထဲမှာ ရှာဖွေလို့ရတာကြောင့် စုံလင်တဲ့ ဝက်ဆိုက်တစ်ခုဖြစ်ပါတယ်
Share