ဒါကတော့ တော်တော့်ကို စဉ်းစားစရာလေးပါ။ စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ ဘာကြောင့်လဲဆိုရင် အခုခေတ်ကြီးမှာ သင်္ဘောတွေကို သံမဏိတွေနဲ့ပဲ လုပ်ကြတာကိုးဗျ။ အပေါ်မှာ ထည့်သွင်းအသုံးပြုထားတာ တွေကလည်း လေးလံတဲ့ သံထည်တွေက အများအပြားပဲလေ။ ပြီးတော့ သံဆိုတာက အားလုံးသိကြတဲ့ အတိုင်းပဲ ကြီးကြီးသေးသေး ရေထဲပစ်ထည့်လိုက်ရင် ပလုံစွပ်မျိုးပဲမဟုတ်လားဗျ။
အခုဟာက သိပ်ကိုကြီးမားလေးလံတဲ့ သင်္ဘောကြီးဆိုတော့ စိတ်ဝင်စားစရာပဲလေ။ သံသယတော့ဖြစ်စရာပေါ့။ ဒါပေမဲ့ မယုံလို့ကလည်း မရပြန်ဘူးဗျ။ ဒီအဖြေထဲမှာကလည်း ကိုယ်တိုင် လက်တွေ့စမ်းသပ်ဖို့လည်း ထည့်ပေးထားတယ်ဗျ။ ပြီးတော့ လက်တွေ့ မောင်နှင်စီးနင်းအသုံးပြုနေကြတာကို ကျနော်တို့အားလုံး မျက်မြင်ကိုယ်တွေ့ပဲ မဟုတ်လား။ ဒါကြောင့် ဘယ်သူ့ကိုမေးမေး မဖြစ်နိုင်ဘူးလို့တော့ ပြောမယ်မထင်ဘူးဗျ။ ပြောချင်းပြောရင် သူတို့ထင်မြင်ယူဆချက်တွေနဲ့ပဲ အဖြေပေးကြပါလိမ့်မယ်။ ပန်ကာကြောင့်၊ ရေဒလက်ကြောင့်၊ စက်ကြောင့်၊ ရေပြင်က နစ်လွန်း ကြယ်လွန်းလို့ စသဖြင့်ပေါ့။ ဒါကို ချက်ကျကျသိသူကတော့ နည်းမယ် ထင်ပါတယ်။
အမှန်တော့ ဒါဟာ သင်္ဘောရဲ့ အောက်ခြေမျက်နှာပြင်ကို ရေရဲ့ပင့်အား(ဖော့အား)သက်ရောက်မှုကြောင့့်ဆိုပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်လောက်က ဂရိပညာရှိကြီး အာခီမီးဒီးစ်က ဒီနိယာမကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ အရာဝတ္ထုဖော့ခြင်း မြုပ်ခြင်းနိယာမထဲမှာလည်း ဒါကို အတိအကျပြောပြထားတယ်ဗျ။ “ရေထဲရှိ အရာဝတ္ထုပေါ် သက်ရောက်တဲ့ ပင့်အား(ဖော့အား)အကြီးအသေးဟာ အဲဒီအရာဝတ္ထုကြောင့် ဖယ်ထုတ်လိုက်ရတဲ့ ရေရဲ့အလေးချိန်နဲ့ ညီမျှတယ်” လို့ ဆိုထားတယ်ဗျ။
ဒါကို ကျနော်တို့ကိုယ်တိုင်လည်း လက်တွေ့စမ်းသပ်ကြည့်လို့ရတယ်ဗျ။ ဘယ်လိုစမ်းမလဲဆိုရင် ပထမဆုံး သံပြားပါးပါးတစ်ချပ်ကို ရေထဲထည့်ကြည့်လိုက်ပါ။ ဘယ်လိုဖြစ်သွားမယ်ထင်လဲ။ သေချာပါတယ် ပလံစွပ်ဆိုပြီး နစ်မြုပ်သွားပါလိမ့်မယ်။ ဒါကိုမှ တစ်ဖန်ပြန်ပြီးတော့ အပြားကနေ အခွက်ဖြစ်သွားအောင် လုပ်ပေးလိုက်ပါ။ ပြီးရင် တစ်ခါပြန်ထည့်ကြည့်လိုက်ပါ။ ဒီတစ်ခါတော့ သေချာပေါက် ရေပေါ်မှာ ပေါလောပေါ်နေနိုင်ပါပြီ။
ဒါဟာ အလေးချိန်ပြောင်းလဲသွားလို့မဟုတ်ပါဘူး။ အလေးချိန်ကတော့ အတူတူပါပဲ။ ပုံသဏ္ဌာန်လေးပဲ ပြောင်းသွားတာပါ။ ဒါတင်မကသေးပါဘူး အဲဒီ သံပြားအခွက်ထဲမှာ နောက်ထပ်ပစ္စည်းတွေလည်း တင်ကြည့် ထည့်ကြည့်လို့ ရပါသေးတယ်။ မြုပ်မသွားပါဘူး။ အမှန်တော့ ဒါဟာ အရာဝတ္ထုပေါ်တက်ရောက်လာတဲ့ ရေထုပင့်အား(ဖော့အား)ကြောင့်ပါ။ ဖော့အားဟာ အရာဝတ္ထုအလေးချိန်ထက် ကြီးမယ်ဆိုရင် အရာဝတ္ထုကို မြုပ်မသွားအောင် ထိန်းထားနိုင်ပါတယ်။
Reference: Q & A, အဘယ်ကြောင့်တစ်သိန်း (ကြည်ကြည်မာ)