ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ဓာတ်ကတော့ protein လို့ခေါ်တဲ့ အသားဓာတ်ဖြစ်ပါတယ်။ အသားဓာတ်ဟာ ခန္ဓာကိုယ်ရှိ အရေပြား၊ ကြွက်သား၊ အရိုး၊ အရိုးနု၊ ဆံပင် စတဲ့အရာမှန်သမျှ တည်ဆောက်ဖွဲ့စည်းပေးတဲ့ ဓာတ်လည်း ဖြစ်ပါတယ်။ နေ့စဉ် လိုအပ်တဲ့ အသားဓာတ်ကို လုံလောက်အောင် စားပေးမယ်ဆို ခန္ဓာကိုယ်တွင်းကဆဲလ်တွေ ပျက်စီးမှုကို ပြုပြင်ပေးပြီး အသစ်တွေဖြစ်စေပါတယ်။ အသားဓာတ်လိုအပ်ချက်ဟာ လူတစ်ဦးနဲ့တစ်ဦး မတူညီကြပါဘူး။ ကျား/မ၊ အသက်အရွယ်၊ ကိုယ်အလေးချိန်၊ အရပ်အမြင့်နဲ့ လှုပ်ရှားမှုတွေပေါ်မူတည်ပြီး ကွဲပြားပါတယ်။ တကယ်လို့ အသားဓာတ်မလုံလောက်ဘူးဆိုရင်တော့ သင့်ခန္ဓာကိုယ်က ဒါတွေဖြစ်နေပါလိမ့်မယ်။
၁။ အသားကိုတောင့်တ
အသားဓာတ်ကို တောင့်တခြင်းက အထင်ရှားဆုံးလက္ခဏာပါ။ အရမ်းကို စားချင်နေပြီဆိုရင် စားသာစားလိုက်ပါ။ လိုအပ်လို့ ခန္ဓာကိုယ်က အချက်ပြနေတာ ဖြစ်ပါတယ်။
၂။ ချိုတာလေးတွေစားချင်တယ်
အချိုစားချင်စိတ်လည်း ဖြစ်ပေါ်လာပါတယ်။ ကစီဓာတ်နဲ့ယှဉ်ရင် အသားဓာတ်က အစာကြေဖို့ပိုနှေးပါတယ်။ ကစီဓာတ်များတဲ့ ထမင်းကိုပိုစားပြီး အသားကိုလုံလုံလောက်လောက် မစားဘူးဆို ထမင်းက မြန်မြန်ဆန်ဆန် အစာကြေသွားပြီး သွေးထဲကသကြားဓာတ်မြင့်တက်လာပါတယ်။ သကြားဓာတ်က ပြန်ကျသွားချိန်မှာ အချိုကို တောင့်တမိလာရော။
၃။ ဆံပင်ပါး
ခန္ဓာကိုယ်မှာ လုံလောက်တဲ့ အသားဓာတ် မရရှိတဲ့အခါ ဆံပင်ကျွတ်ကုန်ပါတယ်။ တဖြည်းဖြည်းနဲ့ ဆံပင်ပါးလာပြီဆို အသားဓာတ် လုံလုံလောက်လောက် စားဖို့ ဂရုစိုက်ပေးပါ။
၄။ ခြေသည်းလက်သည်း
လက်သည်း၊ခြေသည်းတွေနဲ့ အရေပြားဆဲလ်တွေ ကောင်းမွန်နေဖို့ရာ အသားဓာတ်က မရှိမဖြစ် လိုအပ်ပါတယ်။ လက်သည်းခြေသည်းတွေက အရင်လိုမဟုတ်တော့ဘဲ ထိခိုက်ပျက်စီးလွယ်လာပါတယ်။ အရေပြားမှာလည်း အသားပပ်သလို အဖတ်တွေကွာလာပါတယ်။
၅။ ဖျားတယ်
ကိုယ်ခံစွမ်းအားစနစ်အတွက် အသားဓာတ်လုံလောက်နေဖို့ အရေးကြီးပါတယ်။ အသားကို လုံလောက်အောင် မစားပေးဘူးဆိုရင် မကြာခဏ ဖျားနာပါတယ်။
၆။ မောပန်းနုံးချိ
အမြဲတမ်းလိုလို အားမရှိဘူး။ မောပန်းနွမ်းနယ်သလို ခံစားနေရတာ တစ်ချိန်လုံးပဲ။ ဒါဟာ ခန္ဓာကိုယ်က ကြံ့ခိုင်မှုမရှိလို့ ဖြစ်ရတာပါ။ အသားဓာတ်ပါတာလေးတွေ ပြည့်ဝအောင်စားပေးမှ အားရှိမှာပါ။
Source : Self
Share