သင်္ကြန်အကြောင်း စာရေးရင်းနဲ့ မုန့်လုံးရေပေါ်ကို သွားသတိရမိတယ်။ အထူးသဖြင့် နယ်တွေ၊ ရွာတွေမှာဆို ရိုးရာဓလေ့အရ ဝိုင်းဖွဲ့ပြီး မုန့်လုံးရေပေါ်တွေလုပ်ကြ။ ငရုတ်သီးတွေမြှုပ်ပြီး ကြွေးကြ၊ စကြနောက်ကြနဲ့ပေါ့ဗျာ။ သိပ်ကို ပျော်စရာလည်းကောင်းပါတယ်။ မုန့်လုံးလေးတွေ ရေပေါ်မှာ ပေါလောပေါ်လာရင် အလုအယက် ဆယ်ကြ ပြုကြနဲ့ ဆူလို့ညံလို့ပေါ့ဗျာ။ ဒါပေမဲ့ အဲဒီမှာ စိတ်ဝင်စားစရာကောင်းတဲ့ ထူးခြားဖြစ်စဉ်လေးကိုတော့ ဘယ်သူမှ သတိထား တွေးမိမယ်မထင်ပါဘူး။
မုန့်လုံးလေးတွေ ရေပေါ်မှာပေါလောပေါ်လာရင် ကျက်ပြီဆိုတာထက်၊ ဒီမုန့်လုံးလေးတွေဟာ ထည့်ခါစတုန်းက နစ်မြုပ်သွားပြီး၊ ပြီးမှ ဘာလို့ရေပေါ် ပေါလောတက်လာရတာလဲဆိုတာက ပိုပြီး စိတ်ဝင်စားစရာကောင်းပါတယ်။ မုန့်လုံးလုပ်နေတဲ့သူတွေကို လိုက်မေးကြည့်လိုက်ရင်တော့ ဒါကရှင်းပါတယ် ကျက်လို့ပေါ်လာတာပေါ့လို့ပဲ ဖြေကြမယ်ထင်ပါတယ်။ ဒါဆို အေးသွားတဲ့အခါ ပြန်ထည့်ကြည့်လိုက်ရင်ရော ဘာလို့ ပြန်နစ်သွားရတာလဲ။ ဒါလေးက သိပ်ကို စိတ်ဝင်စားစရာကောင်းမနေဘူးလားဗျာ။
တကယ်တော့ ဒါဟာ ကျက်သွားလို့ရယ်ကြောင့်မဟုတ်ပါဘူး။ သိပ္ပံနည်းအရကြည့်ရင် Physical Change လို့ခေါ်တဲ့ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုကြောင့်ပါ။ ဒါကြောင့်သာ ကျက်ပြီးသားမုန့်လုံးက အေးသွားတဲ့အချိန်မှာ ပြန်လည်နစ်မြုပ်သွားတာပေါ့။ ဒါဆို ဘယ်အရာတွေက ဘယ်လိုပြောင်းလဲမှုတွေဖြစ်သွားလို့ အခုလို ထူးဆန်းနေရတာလဲ။
အကြောင်းကတော့ အပူချိန်တက်လာတာနဲ့အမျှ အိုးထဲက ရေနဲ့ မုန့်လုံးလေးတွေကလည်း တဖြည်းဖြည်းနဲ့ ပူလာတယ်။ ပူလာလေ မုန့်လုံးလေးတွေနဲ့ သူ့အထဲမှာထည့်ထားတဲ့ ဌာပနာတွေကလည်း ဖောင်းပွလာလေပေါ့ဗျာ။ အဲဒီလိုဖောင်းလာလေ ထုထည်ကလည်း ကြီးလာလေပေါ့။ ဒါကြောင့်လည်း ကျက်သွားပြီလို့ ကျနော်တို့ယူဆကြတဲ့ မုန့်လုံးတွေဟာ ပထမမူလကထက် ပိုကြီးနေတာပေါ့ဗျာ။

အဲဒီလို ပိုကြီးပြီး ဖောင်းပွလာလေ သူ့ရဲ့သိပ်သည်းဆကလည်း နည်းလာလေဗျ။ ဘယ်လောက်ထိ နည်းသွားလဲဆိုတော့ မုန့်လုံးတစ်လုံးမှာပါတဲ့ မုန့်သားတွေ၊ ဌာပနာတွေ ကျက်သွားနိုင်လောက်တဲ့ အပူချိန်မှာဆိုရင် ရေပေါ်ကို ပေါလောပေါ်လာရလောက်အောင်အထိကို နည်းသွားပါတယ်။ ဒါကြောင့်သာ မုန့်လုံးလေးတွေဟာ ရေပေါ် ပေါ်လာရခြင်းဖြစ်ပါတယ်။ အေးသွားတဲ့အချိန်မှာတော့ ဖောင်းပွမှုနည်းသွားပြီး ပြန်လည်သိပ်သည်းလာတဲ့အတွက် ရေမှာ ထပ်ပြီးနစ်မြုပ်သွားနိုင်ခြင်း ဖြစ်ပါတယ်။
Reference: အဘယ်ကြောင့်တစ်သိန်း (ကြည်ကြည်မာ)