မိန်းကလေးသဘာဝ မိတ်ကပ်တွေ ပြင်ဆင်လိမ်းခြယ်ကြရတာတော့ အထူးအဆန်းမဟုတ်ပါဘူး။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လုပ်ငန်းလိုအပ်ချက် ရှိလာရင်တော့ ကိုယ့်ကိုယ်ကိုယ် လူမြင်တင့်တယ်အောင် ဖြီးလိမ်းပြင်ဆင်ရပါတယ်။ မလိုအပ်တဲ့အချိန်တွေမှာ မိတ်ကပ်မလိမ်းဘဲ နေတတ်သူတွေမှာတော့ ဒီလိုမျိုး အားသာချက် ကောင်းကျိုးတွေ ရပါတယ်။
၁။ ပိုက်ဆံပိုသုံးနိုင်
"မိတ်ကပ်ဖိုးနဲ့ မွဲပါပြီ... နှုတ်ခမ်းနီလေးဝယ်ချင်လို့ ဘာမှမသုံးနိုင်ဘူး" ။ မိတ်ကပ်တွေက ဈေးပေါရင် အသားအရေပျက်စီးတယ်။ ဈေးကြီးပြီး ကောင်းတာလေးတွေပဲ သုံးမယ်ဆိုတော့ မိတ်ကပ်ဖိုးနဲ့မွဲတာပေါ့။ မိတ်ကပ်မကြိုက်တဲ့သူတွေက အဲ့ဒီစကားတွေ ဘယ်တော့မှ ပြောစရာမလိုတဲ့သူတွေပါ။ သွားချင်တာသွား၊ စားချင်တာစား စိတ်ကြိုက်သုံးလို့ရတယ်လေ။
၂။ အချိန်ကုန်သက်သာတယ်
မိတ်ကပ်လိမ်းတယ်ဆိုတာ အချိန်ပေးပြီး သေသေချာချာလိမ်းမှ လှလှပပပေါ်လွင်တာပါ။ မျက်လုံးကိုခြယ်သတာ တစ်မျိုးတည်းနဲ့တင် ၁၀ မိနစ်လောက် ကြာချင်ကြာသွားတာမျိုး။ ဒီကြားထဲ အဝတ်အစားနဲ့ လိုက်ဖက်အောင်လည်း လိမ်းရသေးတယ်။ နဂိုတည်းက မိတ်ကပ်မကြိုက်သူဆိုတော့ အချိန်ကုန်သက်သာတာပေါ့။
၃။ ပိုပြီးရုပ်ဆိုးမသွားဘူး
မိတ်ကပ်လိမ်းပါတယ်ဆိုမှ ပိုရုပ်ဆိုးသွားရတဲ့အဖြစ်မျိုး မြင်ဖူးလား? မိတ်ကပ်တွေအပြည့်လူး၊ အိုင်းရှဲဒိုးတွေ အပြတ်ခြယ်သပြီး smokey eye လေးဟာ ချစ်သူကိုစိတ်ကောက်ပြီး ငိုမိလိုက်တော့ သရဲရုပ်ပေါက်သွားတာမျိုးလေ။ ခုလိုနွေရာသီမှာဆို မိတ်ကပ်တွေကွက် အဆီတွေပြန်ပြီး ပိုတောင်ရုပ်ဆိုးနေပါဦးမယ်။
၄။ စိတ်ပေါ့ပါးတယ်
မိတ်ကပ်တွေလိမ်းထားလို့ အဆီပြန်မှာကြောက်ပြီး ခဏခဏ မှန်ထုတ်ကြည့်ရတယ်။ နှုတ်ခမ်းနီပျက်မှာစိုးလို့ စားချင်တိုင်း မစားရဘူး။ နဂိုတည်းက မိတ်ကပ်မကြိုက်တဲ့လူဆိုတော့ ဘာမှဂရုစိုက်နေစရာမလိုဘူးလေ။ ပေါ့ပေါ့ပါးပါးနဲ့ လွတ်လပ်မှုကိုခံစားရတယ်။ မိတ်ကပ်မလိမ်းလည်း ကြည့်ကောင်းနေတယ်ဆိုတဲ့ ခံစားချက်က ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပိုစေပါတယ်။
၅။ ဘာရယ်မဟုတ်ဘဲ လူအထင်ကြီးတာခံရ
ကိုယ်က အလုပ်တွေအရမ်းများနေလို့ မိတ်ကပ်တောင် မလိမ်းနိုင်သူလို့ လူတွေက ထင်ကြတယ်။ ဒါမှမဟုတ်လည်း သဘာဝကို မြတ်နိုးသူ၊ ပဲမများသူဆိုပြီး မှတ်ချက်ကောင်းလေးတွေ ရနေပြန်ရော။
ကြည့်ပါဦး ဘယ်သူလဲလို့။ မိတ်ကပ်လိမ်းလေ့မရှိတဲ့ အမ်မာဝတ်ဆန်လေ။ မိတ်ကပ်လိမ်းလိုက်တော့အရမ်းလှနေတာ
၆။ တကယ်လိမ်းရင်အရမ်းလှ
မိတ်ကပ်ကို နေ့တိုင်းလိမ်းနေတဲ့လူတွေက တကယ့်ပွဲလမ်းတွေမှာ လိမ်းရင် မပေါ်လွင်တော့ပါဘူး။ ဘာမှထူးပြီးလှလာတယ်လို့ မထင်ကြဘူးလေ။ မြင်နေကြဆိုတော့ သာမာန်လိုဖြစ်နေတာ။ ကိုယ့်ကျမှ မိတ်ကပ်မလိမ်းစဖူး လိမ်းနေပြီဆို လူတွေက ဝိုင်းငေးကြ၊ ချီးမွမ်းကြပါတယ်။