၂၀၁၇ မန္တလေးသင်္ကြန်ကတော့ အရင်နှစ်တွေနဲ့ မတူဘဲတမူထူးခြားတဲ့ နှစ်တစ်နှစ်လို့ ပြောနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုရင် မန်းစည်ပင်က ဒီနှစ်မန်းသင်္ကြန်မှာ လမ်းလျောက်သင်္ကြန်ကို ထည့်သွင်းကျင်းပဖို့ စီစဉ်ထားတာပါ။
မန်းသင်္ကြန်ချစ်သူတွေအနေနဲ့ အရင်နှစ်တွေလိုပဲ ကျုံးပတ်လည်မှာရှိတဲ့ သင်္ကြန်မဏ္ဍပ်တွေမှာ ရိုးရာမပျက်လည်ပတ်နိုင်မှာဖြစ်သလို ပုံစံသစ်နဲ့ကျင်းပမယ့် မြန်မာ့ရိုးရာသင်္ကြန်စစ်စစ်ကိုလည်း ခံစားနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မန်းသင်္ကြန်ကိုလည်ပတ်ချင်တဲ့ သူတွေအနေနဲ့ ဘယ်နေရာတွေကို သွားပြီးဘယ်လို့လည်ပတ်ရမယ်ဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။
ဘယ်လိုလုပ်မှာလဲ၊ ဘယ်လိုသွားရမလဲ
မန္တလေးမှာ ပုံစံသစ်နဲ့ ပထမဦးဆုံးပြုလုပ်မယ့် လမ်းလျှောက်သင်္ကြန်ကို ကျုံးတောင်ဘက်ခြမ်း ၂၆ လမ်း၊ ၆၆ လမ်းကနေ ၇၈ လမ်းအထိ ကျင်းပသွားဖို့ စီစဉ်ထားပြီး ၆၆ လမ်းကနေ စပြီးဝင်ရောက်ရမှာပါ။
ကျုံးပတ်လည်မှာ ကားပိတ်ပြီး အချိန်တွေကုန်တာကို သက်သာစေဖို့ လမ်းလျှောက်သင်္ကြန်က ပိုအလုပ်ဖြစ်မယ်လို့ထင်ပါတယ်။ ကျုံးရဲ့ သုံးဘက်သုံးတန်မှာ အရင်နှစ်တွေလိုပဲ ကားနဲ့လည်ပတ်နိုင်သလို ကျုံးတောင်ဘက်က လမ်းလျှောက်သင်္ကြန်က သင်္ကြန်ချစ်သူတွေကို အရသာသစ်တစ်ခု ရစေမှာ သေချာပါတယ်။
လမ်လျှောက်သင်္ကြန်ကျင်းပမယ့် လမ်းတစ်လျောက်မှာ အရင်ခေတ်တွေက မန်းသင်္ကြန်အငွေ့အသက်တွေကို ပြန်လည် ခံစားလို့ရအောင်စီစဉ်ထားတယ်လို့ဆိုပါတယ်။ တစ်ခေတ်တခါက နာမည်ကြီးခဲ့တဲ့ သံချပ်ပြိုင်ပွဲတွေ၊ မြို့မလို အလှပြကားတွေ၊ မြန်မာအဆိုအကတွေနဲ့ ဖျော်ဖြေမယ့်တီးဝိုင်းတွေ၊ တိုင်းရင်းသားရိုးရာအကတွေ ပါဝင်မယ့်အပြင် ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရပြည့်စုံတဲ့ ရိုးရာအစားအသောက်တွေကို မြည်းစမ်းနိုင်မှာ ဖြစ်ပါတယ်။
ဒီနေရာတွေအပြင် မန်းသင်္ကြန်လည်ရင် မဖြစ်မနေသွားကြတဲ့ တောင်သမန် ဦးပိန်တံတား၊ ကန်တော်ကြီး Water Park နဲ့ ခုနှစ်မိုင် အပန်းဖြေစခန်းကိုလည်း သွားရောက်လည်ပတ်လို့ ရပါသေးတယ်။
ဘယ်သူတွေဘယ်မှာရှိမလဲ
ဒီနှစ်မန်းသင်္ကြန်မှာတော့ လူငယ်ရောခ့်ကာတွေ သည်းခြေကြိုက် နာမည်ကြီး Iron Cross တီးဝိုင်းအဖွဲ့က ကျုံးမြောက်ဘက်မှာ ပွဲခံမှာပါ။ ဒါ့အပြင် သင်္ကြန်ပျော်လူငယ်တွေအတွက် မန္တလေးက အရှည်ဆုံးလမ်းတစ်လမ်းဖြစ်တဲ့ ၆၂ လမ်းပေါ်က တစ်ဧကကျော် ကျယ်ဝန်းပြီး လူတစ်သောင်းကျော်ဆံတဲ့ မနောရမ္မံကွင်းလို့ခေါ်တဲ့ ဟစ်တိုင်ကွင်းမှာ လူတိုင်းအခမဲ့ကြည့်ရှုနိုင်တဲ့ ဂီတဖျော်ဖြေပွဲကြီး တစ်ခုလည်းရှိပါတယ်။
ဒီပွဲမှာ လူငယ်ကြိုက်အဆိုတော်တွေဖြစ်တဲ့ ဝေလ၊ ဂျီလတ်၊ စိန်လင်း( Aroma) ကျော်ဇင်မင်း၊ ရှမ်းလေး၊ စိုးထက်၊ လိမ္မော်သီး၊ ဟေဇယ်နဲ့ ထွန်းအိန္ဒြာဗိုတို့က Heaven Born တီးဝိုင်းနဲ့ သင်္ကြန်တွင်းကာလကို ဖြတ်သန်းဖို့ စီစဉ်ထားပါတယ်။ ဒီကွင်းထဲမှာ လူငယ်တွေကြိုက် EDM သီချင်းတွေကို DJ Alvin က တင်ဆက်သွားဖို့ရှိပြီး ပေ ၃၅၀၊ ၁၅၀ ပတ်လည်ကျယ်ဝန်းတဲ့ ကွင်းထဲမှာ ရေပန်းတွေ ပက်ဖြန်းပေးထားပြီး ပျော်ပျော်ရွင်ရွင် ကခုန်နိုင်မယ့် အစီအစဉ်တွေလည်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။
မြန်မာ Idol Season 2 ရဲ့နောက်ဆုံးအဆင့်ကို ရောက်ရှိခဲ့တဲ့ သားငယ်နဲ့ ဘီလီလမင်းအေးတို့ကလည်း မြို့တော်ဝန်မဏ္ဍပ်မှာ ရှိနေမယ်လို့မယ်လို့ သိရပါတယ်။
Share