တစ်စုံတစ်ယောက်နဲ့ လမ်းခွဲရတယ်ဆိုတာ ဘယ်တော့မှမလွယ်ပါဘူး။ မှန်ကန်တဲ့ဆုံးဖြတ်ချက်မှန်း သိတယ်၊ လမ်းခွဲမှဖြစ်တော့မယ်ဆိုတာလည်း သိတယ်။ ဒါပေမဲ့ တကယ်တမ်း လမ်းခွဲရမယ်ဆိုတော့လည်း နာကျင်ရတာပါပဲ။ အေးအေးဆေးဆေး ပြောရင်းက ရန်တွေဖြစ်ကြ ကိုယ်ထိလက်ရောက်ကျူးလွန်လာကြတဲ့အထိလည်း ဖြစ်သွားနိုင်တာမို့ တစ်ယောက်ယောက်ကို လမ်းခွဲစကားပြောမယ်ဆို ကျွမ်းကျင်သူတွေရဲ့ အကြံဉာဏ်အတိုင်း လိုက်နာကြည့်တာ ပိုအဆင်ပြေပါတယ်။
လမ်းခွဲတယ်ဆိုတာ တစ်ဖက်ဖက်က အရင်စပြီး စိတ်ကုန်လာတာမျိုးလည်း ရှိသလို နှစ်ဖက်လုံးက တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် စိတ်ပျက်လာတာလည်း ရှိနိုင်တာပဲ။ တစ်ယောက်ကြောင့် ကျန်တစ်ယောက်မှာ ဝမ်းနည်းတယ်၊ ဒေါသဖြစ်တယ်၊ ထိတ်လန့်ရတယ် စသဖြင့် မကောင်းတဲ့ခံစားချက်တွေ ဖြစ်ပေါ်လာပြီ။ ဒီတော့ လမ်းခွဲချင်လာပြီပေါ့။ အဓိကကျဆုံးကတော့ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ရဲ့ချစ်သူအပေါ် ရိုးသားဖို့လိုပါတယ်။ ကိုယ်ဘာကြောင့် သူနဲ့ရှေ့မဆက်နိုင်တော့တာလဲဆိုတာ နားလည်အောင်တော့ ရှင်းပြသင့်ပါတယ်။ သူဘာပြောပြော ကိုယ်ကတော့ လုံးဝကို ရှေ့မဆက်တော့ဘူးဆိုတာ သူသိသွားပါစေ။ ဟန်ဆောင်လိမ်ညာပြီး လမ်းခွဲတာမျိုးက နှစ်ဖက်လုံးအတွက် ကောင်းကျိုးဖြစ်မလာဘူး။ သူ့ကို မျှော်လင့်ချက်တွေ ချန်မထားပေးခဲ့ပါနဲ့။
လမ်းခွဲပြီးနောက်ပိုင်းမှာ တစ်ချို့ကတော့ တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းမဆိုင်နိုင်လောက်အောင် မုန်းတီးသွားတယ်။ တစ်ချို့တွေကတော့ မိတ်ဆွေလိုမျိုး သဘောထားကြီးစွာနဲ့ ရှေ့ဆက်နိုင်ကြတာလည်း ရှိပါတယ်။ ဒါပေမဲ့ ဟန်ဆောင်ပြီး ပတ်သက်တာမျိုးလည်း မဖြစ်သင့်ဘူး။ ဒီတစ်ယောက်ကပဲ ကိုယ့်ဘဝရဲ့ အရာခပ်သိမ်းလို့တော့ မရှိပါဘူး။ သူမရှိလည်း ရှေ့ဆက်နေရမှာ။ ကိုယ်မရှိလည်း သူ့ဘဝသူ ရှေ့ဆက်ရမှာဆိုတော့ အပြန်အလှန် နာကြည်းစရာတွေမထားခဲ့ဖို့လိုတယ်။ ကိုယ့်ဘဝကိုယ် ရှေ့ဆက်ကြရင်းနဲ့ တိုက်ဆိုင်လို့ ပြန်တွေ့တဲ့အခါ အမုန်းတွေပေါ်မလာဖို့အတွက် ရိုးရိုးသားသားပဲ လမ်းခွဲတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
Source : Indy