ချစ်သူဖြစ်ဖြစ် အိမ်ထောင်ဖက်ဖြစ်ဖြစ် သူနဲ့ရန်ဖြစ် စကားများပြီဆို ကိုယ်ပဲ စိတ်ဆင်းရဲရ၊ ဒေါသထွက်ရတယ်။ တကယ်တော့ သူလည်းပဲ ဒေါသထွက် စိတ်ဆိုးမှာပေါ့လေ။ ကိုယ်ခံစားရတာက ကိုယ်ပဲသိတာကိုး။ အဲ့ဒီလိုမျိုး ချစ်သူနဲ့ ရန်ဖြစ်တာက တကယ်တမ်းကျတော့ ကိုယ့်ကျန်းမာရေးကို ထိခိုက်စေပါတယ်။ စိတ်ခံစားချက်တင်မကဘဲ ကိုယ်ခန္ဓာမှာပါ ဒါတွေဖြစ်လာစေပါတယ်။
၁။ စိတ်ပင်ပန်း
စကားများပြီ ကတောက်ကဆဖြစ်ပြီဆိုရင် အပြန်အလှန်ပြောကြဆိုကြနဲ့ စိတ်က မသက်သာတော့ဘူး။ သူက မေးခွန်းတွေ တရစပ်မေးလာပြီဆို ကိုယ့်ကိုတောင်မယုံတော့ဘူးလားလို့ ကိုယ့်ဘက်ကခံစာမိလာရတယ်လေ။ စိတ်မွန်းကြပ်လာပါတယ်။ သွေးတိုးလာမယ်၊ နှလုံးခုန်နှုန်းမြန်လာမယ်၊ အသက်ရှုမမှန်တော့ဘူး။
၂။ ဦးနှောက်စွမ်းဆောင်ရည်ကျ
ခေါင်းရှုပ်လာပြီး ဘာကိုမှ သေသေချာချာ မစဉ်းစားနိုင်တော့တာတွေ ဖြစ်လာပါတယ်။ ကတောက်ကဆဖြစ်နေပြီဆိုရင် ကိုယ့်မှာအန္တရာယ်ကြုံနေရပြီလို့ ဦးနှောက်က အချက်ပြပါတယ်။ အဲ့ဒီအခါ အချက်အလက်အသစ်တွေကို လက်ခံနိုင်စွမ်းမရှိတော့ဘူး။ အဲ့ဒီအခါ တစ်ဖက်သားက ပြောနေတာတွေက နားမဝင်တော့တာ ဖြစ်လာပါတယ်။ ဒီလိုအချိန်မှာ ခဏလောက် ငြိမ်ငြိမ်နေပြီး အသက်ဝဝရှုပြီးမှ ဆက်ပြောသင့်ပါတယ်။
၃။ ဖျားနာ
အခန့်မသင့်ရင် စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး နေမကောင်းဖြစ်နိုင်ပါသေးတယ်။ ရန်ဖြစ်တိုင်း စိတ်ပင်ပန်းရတာများလာမယ်၊ စိတ်ဖိစီးမှု ကြာရှည်လာမယ်ဆိုရင်တော့ ခန္ဓာကိုယ်တွင်းက ကိုယ်ခံအားစနစ်ကိုပါ ထိခိုက်လာပါတယ်။ ကိုယ်ခံအားစနစ် ယိုယွင်းအားနည်းလာပြီဆို ရောဂါဘယတွေ ဝင်ရောက်ကပ်ငြိလွယ်ပြီး မကြာခဏ ဖျားနာတတ်ပါတယ်။
တကယ်တော့ ဘယ်သူကမှ ကိုယ့်ချစ်သူနဲ့ စကားများ ရန်ဖြစ်တာမျိုး မဖြစ်ချင်ကြပါဘူး။ ဘယ်လိုမှလည်း ကောင်းကျိုးမပေးဘူးလေ။ ဒါပေမဲ့ ရန်ဖြစ်တိုင်း တစ်ယောက်ကိုတစ်ယောက် အနိုင်ရဖို့ထက် ရှုပ်နေတာတွေ ရှင်းကြမယ်ဆို ပြေလည်သွားတဲ့အခါ ပိုပြီးတော့ နားလည်မှု ရလာနိုင်ပါတယ်။ ရန်ဖြစ်ပြီး ပြန်ချစ်တဲ့အချိန်က သိပ်ကိုကြည်နူးစရာကောင်းတယ်မဟုတ်လား။
Ref : List