သိထားမယ်ဆိုရင် ကိုယ့်ရဲ့ ဘေးအန္တရာယ်အတွက် အတိုင်းအတာတစ်ခုအထိတော့ ရှောင်ရှားကာကွယ်နိုင်တာပေါ့။

Bluffers-Park.jpg 

ဒါကတော့ ကျွန်တော်တို့အားလုံး သိထားသင့်တဲ့အရာလေးလို့ ထင်တယ်ဗျ။ ဘာလို့လဲဆိုတော့ ရေနဲ့ကင်းကွာတဲ့သူဆိုတာ မရှိသလောက်ကိုရှားပါတယ်။ တစ်နည်းနည်းနဲ့တော့ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ရေစီး၊ ရေမြောင်းတွေနဲ့က နှီးနွှယ် ဆက်စပ်မှုတော့ ရှိနေတတ်ကြတာပဲမဟုတ်လား။ ဒါကြောင့် သိထားမယ်ဆိုရင် ကိုယ့်ရဲ့ ဘေးအန္တရာယ်အတွက် အတိုင်းအတာတစ်ခုအထိတော့ ရှောင်ရှားကာကွယ်နိုင်တာပေါ့။ ခရီးသွား ရေကစားရတာကို နှစ်သက်သူတွေဆို ပိုတောင်အသုံးဝင်မယ်ထင်တယ်ဗျ။

 

တကယ်တော့ မြစ်တွေ၊ ချောင်းတွေ၊ ရေစီးတွေထဲမှာ ဖြစ်ပေါ်လေ့ရှိတဲ့ ဝဲအများစုဟာ စီးဆင်းနှုန်းနဲ့ ဦးတည်ချက်ကို ပြောင်းသွားစေနိုင်တဲ့ ဟန့်တားမှုတို့ကြောင့် ဖြစ်ပေါ်လာကြတာ များတယ်ဗျ။ ဘယ်လိုနေရာမျိုးတွေမှာ အဖြစ်များလေ့ ရှိလဲဆိုရင်-

 

(၁) တံတားတိုင်စိုက်ထားရာနေရာ

ဒီနေရာတွေမှာ ဘာလို့ဝဲဖြစ်နိုင်တာလဲဆိုရင် တံတားတိုင်က ကာဆီးထားသလိုဖြစ်နေတော့ အလျင်နဲ့ စီးဆင်းနေတဲ့ရေဟာ တိုင်ကို တိုးဝှေ့တိုက်မိပြီး ရှေ့ကို တန်းတန်းမတ်မတ် ဆက်စီးသွားလို့ မရတော့ဘူး။ အဲဒီတော့ နောက်ကိုပြန်ဆုတ်၊ ဘေးကို ယိမ်းထိုး ဖြစ်ကုန်တာပေါ့ဗျာ။ ဒါပေမဲ့ နောက်က စီးဆင်းလာတဲ့ ရေဟာ ရှေ့ကိုပဲ အရှိုန်အဟုန်နဲ့ စီးမြဲစီးဆဲပဲဆိုတော့ အဟန့်အတားကြောင့် အခက်တွေ့နေတဲ့ရေကို တွန်းထိုးခေါ်ဆောင်နေသလို ဖြစ်တော့တာပေါ့။ အဲဒီမှာ သူလည်း နောက်လည်းဆုတ်မရ၊ ရှေ့လည်း အပြည့်အဝတိုးလို့မရနဲ့ တံတားတိုင်ရဲ့ အနီးအနားတစ်ဝိုက်မှာပဲ တစ်ဝဲလည်လည်နဲ့ လှည့်နေပြီး ဝဲရယ်လို့ ဖြစ်ပေါ်လာတာပေါ့။

 

(၂) တိုင်တွေ၊ ကျောက်တုံးကြီးတွေရှိတဲ့နေရာ

ဒီနေရာမှာ ဘာကြောင့်ဝဲဖြစ်နိုင်လဲဆိုရင် တိုင်တွေ၊ ကျောက်တုံးတွေက ရေစီးကို ဟန့်တားသလို ဖြစ်နေတော့ ရေဟာ သူ့ဘေးကနေပဲ ပတ်ထွက်ပြီး စီးဆင်းရတော့တာပေါ့။ အဲဒီ တားဆီးထားတဲ့ အရာဝတ္ထုတွေရဲ့ နောက်ဘက်မှာကျတော့ ရေစီးနှုန်းဟာ နှေးသွားတယ်။ ဒီတော့ အရာဝတ္ထုတွေရဲ့ဘေးကနေ ပတ်ထွက်စီးဆင်းလာတဲ့ရေဟာ အရှိုန်နဲ့ အဲဒီ နှေးနေတဲ့ရေကို ဝင်တိုက်ပြီး လည်ပတ်သွားစေတဲ့အတွက်ကြောင့် အဲဒီလိုနေရာမျိုးတွေမှာ ဝဲဖြစ်ပေါ်စေတာပေါ့ဗျာ။

 

(၃) မြစ်တွေ၊ ချောင်းတွေရဲ့ အချိုးအကွေ့နေရာတွေ

ဒီနေရာတွေမှာရော ဘယ်လိုဖြစ်ပေါ်စေသလဲဆိုရင် ရေဟာ သူ့ရဲ့သဘာဝအတိုင်း ရှေ့လားရာကိုပဲ ဦးတည်ပြီး အဖြောင့်တိုင်း အရှိုန်နဲ့စီးဆင်းလာမယ်။ အချိုးအကွေ့နေရာတွေလည်းရောက်ရော အလယ် ဝမ်းပိုင်းကရေက အဖြောင့်အတိုင်းပဲ အရှိုန်နဲ့ ဆက်စီးနေမယ်။ ဒါပေမဲ့ ဘေးဘက် ကမ်းစပ်ကရေကျတော့ ကမ်းတို့ ဘောင်တို့ရဲ အနေအထားတွေက ကွေ့ချိုးပေးလိုက်တာကို ခံရတယ်။ အဲဒီအခါမှာ ရေစီးဟာလည်း အပြင်ဘက်က ဖိအားတွေကြောင့် တွန်းပစ်လိုက်တာကို ခံရပြီး တစ်ချို့ရေတွေက သူတို့ရဲ့ မူလနေရာကို အစားပြန်ယူလာတဲ့အတွက် ဝဲဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။

Reference: အဘယ်ကြောင့်တစ်သိန်း(ကြည်ကြည်မာ)

Share

Loading Next Article...
က္က