အမေရိကန် အဝတ်အစားကုမ္ပဏီတစ်ခုက ရောင်းချနေတဲ့ ရွှံ့လူးဒီဇိုင်း ဂျင်းဘောင်းဘီတွေဟာ လူမှုကွန်ရက်ပေါ်မှာတော့ အတော်လေး လှောင်ပြောင်ခံနေရပါတယ်။ ဘောင်းဘီရဲ့ဒီဇိုင်းက တကယ့်ကို ရွှံ့တွေပေနေတဲ့ အဆင်မျိုး ဖန်တီးထားတာ ဖြစ်ပါတယ်။ ဈေးကလည်း မနည်းလှပါဘူး။ တစ်ထည်ကို အမေရိကန်ဒေါ်လာ ၄၂၅ (ကျပ် ၅၇၈,၀၀၀ ခန့်)နဲ့ ရောင်းချနေပါတယ်။
The Barracuda Straight Leg Jeans လို့ အမှတ်တံဆိပ် ရွှံ့လူးစတိုင်ဂျင်းဘောင်းဘီတွေကို ရောင်းချနေတဲ့ Nordstrom ဝက်ဘ်ဆိုက်ကတော့ ဒီလိုရွှံ့လူးဒီဇိုင်းဟာ လုပ်ငန်းခွင်မှာဝတ်တဲ့ပုံစံ၊ အလုပ်ကိုကြိုးကြိုးစားစားလုပ်နေတယ်ဆိုတဲ့သဘောမျိုး ရည်ရွယ်ချက်နဲ့ ဖန်တီးခဲ့တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ ဖန်တီးထုတ်လုပ်တာကတော့ နယူးယော့ခ်အခြေစိုက် တန်ဖိုးကြီးဂျင်းအမှတ်တံဆိပ် PRPS က Nordstrom အတွက် ထုတ်လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဖေ့စ်ဘွတ်နဲ့ တွစ်တာတို့လို လူမှုကွန်ရက်တွေမှာတော့ ရွှံ့လူးဒီဇိုင်းနဲ့ ဂျင်းဘောင်းဘီကို ဝယ်လိုကြောင်း ရေးသားတဲ့သူ တစ်ဦးတစ်ယောက်မှတောင် မရှိသေးပါဘူး။ တစ်ထည်ကို ကျပ် ငါးသိန်းကျော် ပေးရပြီး ဘယ်လိုမှ ကြည့်လို့မကောင်းတဲ့ ဂျင်းဘောင်းဘီကို ဝယ်ဝတ်ထားရင်လည်း ဘယ်သူကမှ ဈေးကြီးပေးဝယ်ရတဲ့ဂျင်းလို့ ထင်မှာမဟုတ်တာ သေချာပါတယ်။
Source : BBC