စမတ်ဖုန်းတွေနဲ့ ရာသီဥတုက အိပ်စက်ချိန်ကို အတော်လေး အနှောင့်အယှက်ဖြစ်စေပါတယ်။ ညဘက် တော်တော်နဲ့ အိပ်မပျော်တော့ မနက်ဆိုလည်း အိပ်ရာကမထချင် အလုပ်နောက်ကျ၊ ကျောင်းနောက်ကျရတာမျိုးလည်း ကြုံရပြန်ရောလေ။ အိပ်ရာက စောစောစီးစီးထလေ့မရှိသူတွေ အနေနဲ့ မနက်စောစော အိပ်ရာထရတာဟာ အတော်မလွယ်တဲ့ကိစ္စကြီးပါ။ နိုးပြီးရင် ပြန်အိပ်ပျော်သွားတတ်တာကိုး။ မနက်စောစော အိပ်ရာထဖို့ လိုအပ်လာပြီဆိုရင်တော့ ဒီအချက်တွေက အကူအညီဖြစ်စေပါလိမ့်မယ်။
၁။ စိတ်လှုပ်ရှားမှု
အိပ်ရာက နိုးတာနဲ့ ကိုယ်ဘာလုပ်ရမယ်၊ ဘယ်သူနဲ့တွေ့ရမယ်ဆိုတာကို တွေးကြည့်ပါ။ ဒါဆိုရင် ပြန်အိပ်ချင်စိတ်က ပျောက်သွားပါလိမ့်မယ်။ ကိုယ့်စိတ်ကို လှုပ်ရှားစေမယ့်အရာ တစ်ခုခုကို တွေးတောကြည့်လိုက်ရင် အိပ်ချင်စိတ်ဆိုတာ ဘယ်ရောက်သွားမှန်းကို မသိတော့ဘူး။
၂။ အလင်းရောင်
တောက်ပတဲ့ အလင်းရောင်က သင့်ကို သဘာဝအတိုင်း အလိုလိုနိုးထလာစေပါတယ်။ မျက်နှာကို နေထိုးရင်လည်း နိုးလာပါလိမ့်မယ်။ အခန်းမျက်နှာကြက် သို့မဟုတ် ကိုယ့်မျက်နှာ အလင်းကျရောက်မယ့် နေရာမှာ မီးသီး၊ မီးချောင်းတွေကို တပ်ဆင်ထားပါ။ အလင်းရောင်က မျက်နှာပေါ်ကို ထိုးလာတဲ့အခါ တစ်နာရီမှနှစ်နာရီအတွင်း အလိုလိုနိုးလာပါတယ်။
၃။ နှိုးစက်
ကိုယ်တွေ့ အနေနဲ့ ပြောရရင်တော့ နာရီနှိုးစက်ကို အိပ်ရာနဲ့ နီးနီးမှာ မထားတာ အကောင်းဆုံး။ ဖုန်းဆိုရင်လည်း ကိုယ်နဲ့လက်လှမ်းမမီတဲ့နေရာမှာ ထားထားပါ။ မဟုတ်ရင် နှိုးစက်ပိတ်ပြီး ပြန်အိပ်ပျော်သွားနိုင်တယ်။ လက်နဲ့မမီတဲ့နေရာမှာထားတော့ နှိုးစက်ပိတ်ဖို့ ဘယ်လိုဖြစ်ဖြစ် အိပ်ရာက ထရပြီလေ။
၄။ တစ်ယောက်ယောက်ကိုမှာထား
အမေ့ကိုမှာထားလို့ကတော့ နောက်မကျတဲ့အပြင် စောတောင်စောနေဦးမယ်။ မနက် ၆ နာရီနှိုးပါဆို မနက် ၅ နာရီတည်းက နှိုးလိမ့်မယ်။ ဒါမှမဟုတ်လည်း စောစော အိပ်ရာထတတ်တဲ့လူကို ကိုယ့်ကိုနှိုးပေးဖို့ အကူအညီတောင်းထားပါ။
၅။ အိပ်ရေးဝဝအိပ်
မနက် စောစောထရမယ်ဆို ညဘက်စောစောအိပ်ထားပါ။ အိပ်ရေးမဝဘဲနဲ့ စောစောထဖို့ဆိုတာ လွယ်ကူတဲ့အရာမဟုတ်ဘူးလေ။ ကိုယ့်အတွက် လိုအပ်တဲ့အိပ်ချိန်ပမာဏကို ကိုယ်တိုင်အသိဆုံးဖြစ်ပါလိမ့်မယ်။ ၇ နာရီအိပ်မှ အိပ်ရေးဝမယ်၊ မနက် ၆ နာရီ ထရမယ်ဆို ည ၁၁ နာရီတည်းက အိပ်ပျော်အောင်ကြိုးစားထားတာ အကောင်းဆံုံးပါပဲ။
Source : Motivateme